ABC
ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးတဲ့အချိန်ကစတင်ပြီး သက်ဝင်လှုပ်ရှားမှု မရှိတော့တဲ့ ပင်လုံစာချုပ် သဘောတူညီမှုတွေ ပြန်လည် ရှင်သန်ဖို့အတွက် “ပင်လုံသဘောတူစာချုပ်နှင့် ပတ် သက်သော အမြင်များ” ခေါင်းစဉ်နဲ့ Mine Sweeping Project က ဦးဆောင်ပြီး ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်နေသမျှ ကာလပတ်လုံး ပင်လုံစာချုပ်နဲ့ မကင်းဘူးလို့ ရန်ကုန်တက္ကသိုလ် အငြိမ်းစား သမိုင်းပါမောက္ခ ဆရာကြီး ဦးစိုင်းထွန်းအောင်မြင့်က အဲဒီအခမ်းအနားမှာ ပြောပါတယ်။
“နိုင်ငံရေးခိုင်လုံမှုတွေကြောင့် ပင်လုံညီလာခံဆိုတာကိုလုပ်တာ၊ ပြည်နယ် ပြည်မ ညှိနှိုင်း သဘောတူထားတဲ့ ဒီပင်လုံစာချုပ်ဟာ အလကား လုပ်ထားတဲ့ စာချုပ်မဟုတ်ဘူး။ အားလုံးသဘောတူပြီး လက်မှတ်ထိုးတာ ကမ္ဘာသိ ကြေငြောထားတဲ့ စာချုပ် ဖြစ်တယ်။ အဲဒီစာချုပ်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ပေါက်လာတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ငြင်းချင်တဲ့သူတွေ ရှိချင် ရှိမှာပေါ့လေ ဒါပေမယ့် အခုထိ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်နေသမျှ ကာလပတ်လုံးပင်လုံစာချုပ်နဲ့ ကင်းလို့မရဘူးဆိုတာ သတိပြုဖို့လိုတယ်။”
အခုအခါ ပင်လုံစာချုပ်နဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပေါ်ပေါ်ထင်ထင် ဆွေးနွေးမှုတွေ ပြုလုပ်ခွင့်ရလာကြပြီ ဖြစ်တဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ကြဖို့နဲ့
တိုင်းရင်းသား အချင်းချင်းပြန်လည် ဆွေးနွေးကြဖို့လည်း လိုတယ်လို့ မြန်မာ့သမိုင်း လေ့လာသူ ပညာရှင် Mine Sweeping Project ရဲ့ တာဝန်ခံ Dr.Hans-Bernd Zollner က ပြောပါတယ်။
သူက မြန်မာပြည်သူတွေ ဖြစ်ချင်တဲ့ ဆန္ဒ ဖြစ်ဖို့အတွက် ပင်လုံနဲ့ပတ်သက်တဲ့ တွေ့ဆုံပွဲကို ကျင်းပဖို့လိုတဲ့အကြောင်း ပြောခဲ့ပါတယ်။
၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားပေါင်းစုံတို့ဟာ ဗမာပြည်မနဲ့
တောင်တန်းဒေသအပြင် သီးသန့်လွှတ်လပ်တဲ့ ကရင်နီနယ်တို့ ပူးပေါင်း လွှတ်လပ်ရေးယူပြီး ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ဖို့ ပင်လုံစာချုပ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ရဲ့ အနှစ်သာရအရ တောင်တန်းဒေသနဲ့ ဗမာပြည်မအကြား တန်းတူအခွင့်အရေးရှိရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အုပ်ချုပ်ဖို့အပြင် တောင်တန်းဒေသအနေနဲ့ ဗမာပြည်မနဲ့ ခွဲထွက်လိုရင် ခွဲထွက်နိုင်ကြောင်းပါရှိပါတယ်။
အဲဒီအချိန်ကစပြီး ပြည်နယ် ပြည်မပုံစံနဲ့ ဖွဲ့စည်းထားပေမယ့် ပြည်မကသာ ပြည်နယ်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်ထားတာတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရတာတွေနဲ့ ခွဲထွက်လိုသူတွေ ခွဲထွက် လို့မရတဲ့ တဲ့အတွက်လည်း တိုင်းရင်းသားတွေက မကျေမနပ်ဖြစ်ပြီး တော်လှန်ပုန်ကန်ကြရာက မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပေါ်လာတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment