စိုးသန်းလင်း
အစိုးရအဖွဲ့ ကျင့်သုံးနေသည့် ဘတ်ဂျက်စနစ်တွင် အားနည်းချက်များရှိနေကြောင်း၊ ယနေ့ခေတ်၌ အဆိုပါ စနစ်ဟောင်းများမရှိသင့်တော့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်နာယက တို့က ထောက်ပြပြောကြားခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ပြုပြင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ယနေ့ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် မဇ္ဈိမကို ဖြေကြားသည်။
“အခွန်ရငွေ ခန့်မှန်းလျာထားရာမှာ လျှော့ချထားပြီး တကယ်ရလာတဲ့အခါကျ များနေတယ် (လျာထားချက် ထက်ပိုအောင် ကြိုးစားထားတယ်လို့ ထင်မြင်စေတာမျိုး လုပ်ထားတယ်)၊ သုံးတဲ့ငွေကိုလည်း ဘတ်ဂျက် ခွင့်ပြုထားတဲ့အတိုင်း မသုံးဘဲ လျော့သုံးတယ် ဆိုတဲ့ အချက်တွေဟာ မှန်ပါတယ်၊ အဲဒါတွေမဖြစ်ဖို့က ဘတ်ဂျက် စနစ်ကောင်းမွန်ဖို့လိုပါတယ်၊ ရမယ့်ငွေကိုလဲ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ရမယ်၊ သုံးတဲ့ငွေကလည်း အနီးကပ်ဆုံး မှန်ကန်ရမယ်၊ ဒါတွေကလည်း ပြုပြင်ရမယ့် အချက်တွေထဲမှာ ပါပါတယ်” ဟု ၎င်းက ဖြေကြားခဲ့ ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လာသော ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်အတွက် ပြည်ထောင်စုဘဏ္ဍာငွေ အရ/သုံးဆိုင်ရာ အစီရင်ခံစာအရ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီကလေ့လာတွေ့ရှိချက်၊ သဘောထားများကို ဇူလိုင် ၂ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဖတ်ကြားတင်ပြအပြီး၌ လွှတ်တော်နာယက သူရဦးရွှေမန်းက “အခွန်ငွေကို(လျာထား) ခန့်မှန်းတဲ့နေရာမှာ ၁ဝဝ ရမှန်းသိလျက်နဲ့ ၈ဝ ပဲခန့်မှန်းတယ်၊ ပြီးတဲ့အခါ ၁ဝဝ ရအောင်လုပ်တယ်၊ ရည်မှန်းချက်ထက် ကျော်လွန်အောင် ဆောင်ရွက်နိုင်တယ်လို့ ဂုဏ်ယူကြတယ်၊ ဆောင်ရွက်တယ်လို့ ပြချင်တယ်၊ ဒီဟာတွေ ဒီခေတ် ဒီကာလမှာ ကုန်ဆုံးသင့်ပြီ၊ တကယ်ရနိုင်မယ့်ဟာကိုပဲ ခန့်မှန်းပြီး ရလာတဲ့အပေါ်မူတည်ပြီး ခွဲဝေသုံးစွဲသွားမယ်ဆိုရင် ဒီနေ့ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စဟာ အောင်မြင် နိုင်ပါတယ်” ဟု အစိုးရအဖွဲ့၏ ဘတ်ဂျက်စနစ်အားနည်းမှုကို ဝေဖန်ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိဘတ်ဂျက်လျာထားမှု စနစ်များ အားနည်းနေခြင်းမှာ အစိုးရအဖွဲ့ အနေဖြင့် အစဦးလမ်းညွန်ချက် Top Down Guide Line မရှိခြင်းကြောင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီအတွင်းရေးမှူး မင်းလှမဲဆန္ဒနယ်အမတ် ဦးမောင်တိုးက အစိုးရအဖွဲ့သို့ ပြောကြားခဲ့ခြင်းကို သူရဦးရွှေမန်းက ဤသို့ဖြည့်စွက်ပြောကြားခဲ့သည်။
“Top Down ဆိုတဲ့ အပေါ်ကပဲ စီမံခန့်ခွဲပေးနေတာကို ကျွန်တော် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သဘောမတူပါဘူး၊ ဘယ်ဒေသမှာ ဘာတွေလိုတယ်ဆိုတာ အောက်ခြေကနေ အထက်ကို တင်ပြတဲ့ Bottom Up အရင်လုပ်ရမှာပါ၊ ပြီးမှ အဲ့ဒီတင်ပြလာတာတွေကို ကြည့်ပြီး National Plan ဖြစ်အောင်လုပ် ဖို့လိုပါတယ်” ဟု လွှတ်တော်နာယက က ပြောခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်မှသာ နှစ်စဉ် National Plan ကို ရနိုင်ပြီး ကောင်းမွန်သော ဘတ်ဂျက်စနစ် ဆောင်ရွက်နိုင်မည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
လက်ရှိ ဘတ်ဂျက်စနစ်တွင် ရငွေ (revenue) ခန့်မှန်းချက်တို့သည် အမှန်ရနိုင်သည်ထက် အမြဲလျော့နေပြီး အမှန်ရငွေမှာ ခန့်မှန်းထားသည်ထက် နှစ်စဉ် ပိုနေသဖြင့် ခန်းမှန်းမှုစနစ်များ အားနည်းနေကြာင်း၊ အနီးစပ်ဆုံး ခန့်မှန်းနိုင်မှသာ National Plan ကို ချမှတ်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ထောက်ပြပြောကြားခဲ့သည်။
“ သုံးငွေကျတော့ မူလလျာထားချက်ထက် နည်းနေတာတွေ့ရတယ်၊ ဒါဟာ သာမာန်ကြည့်ရင် အကြွေးနည်းလို့ ကောင်းတယ်လို့ထင်ရတယ်၊ ဒါပေမယ့် သုံးဖို့ခွင့်ပြုထားတဲ့ ဘတ်ဂျက်ကို အကုန်မသုံးနိုင်တာဟာ ရင်းနှီးမြုပ်နှံရမယ့် နေရာတွေမှာ အပြည့်အဝ မလုပ်နိုင်လို့ နောက်ကျမှုတွေ၊ တကယ့်လိုအပ်ချက်တွေမှာ မဆောင်ရွက်နိုင်တာတွေ ဖြစ်စေပါတယ်” ဟုလည်း ဦးမောင်တိုးက ပြောသည်။
ထို့အပြင် ၂ဝ၁၃-၁၄ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာ၌ ယမန်နှစ်ကထက် ရငွေများတိုးလာကြောင်း သို့ရာတွင် သုံးငွေများလည်း အမြဲလိုလို တိုးနေကြောင်း ထူးခြားသည့်ဆောင်ရွက်မှုမရှိဘဲ သုံးငွေများ ဘာကြောင့်တိုးရသနည်းကို ပြန်ကြည့်ရမှာဖြစ်ကြောင်းလည်း ၎င်းကပြော၏၊
“၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်နဲ့ ယှဉ်ကြည့်ရင် အခုနှစ်မှာ သုံးငွေ ဘီလီယံ သုံးထောင်ကျော်တိုးလာတယ်၊ ဝန်ကြီးဌာနတွေက ဘတ်ဂျက်တင်ရာမှာ အစိုးရိမ်လွန်ပြီး ပိုတင်ထားသလား၊ ဘဏ္ဍာရေးကော်မရှင်ကလည်း ဖြတ်မယ်၊ လွှတ်တော်ကလည်း ဖြတ်မယ်ဆိုတဲ့ အတွက် ပိုပြီးတင်နေကြသလား၊ ဒီတော့ ဝန်ကြီးဌာနတွေက အပြိုင်အဆိုင် တောင်းကြ၊ အပြောကောင်းတဲ့ တင်ပြချက်ကောင်းတဲ့ ဌာနတွေက ပိုပြီးတော့ ရသွား ကြတယ်၊ ဘာမှမပြောတတ်တဲ့ဌာနကျတော့ မရပြန်ဘူး” ဟု ၎င်းက ရှင်းပြသည်။
အပြောကောင်းသဖြင့် အများကြီးရထားပြီး တကယ်တမ်း၌ ခွင့်ပြုထားသည့်အတိုင်း သုံး၍မကုန်သည့်အခါမှ ပြန်အပ်ရခြင်းသည် အသုံးစရိတ်လိုငွေ (Deficit) များ လျော့ကျနေကြောင်း၊ ထို့ကြောင့် လက်ရှိ ဘတ်ဂျက်စနစ်တွင် အစဦး လမ်းညွန်ချက် (Top Down Guide Line) မရှိသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။
ထိုကြောင့် အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်များ လွှတ်တော်သို့မတင်မှီ ဘဏ္ဍာရေးမူဝါဒ (Fiscal Frame Work) ချမှတ်ဖို့ လိုအပ်နေကြောင်း၊ ရငွေ (revenue) ကို အနီးဆုံး ခန့်မှန်းပြီး expenditure lineကို ချမှတ်ရမှာ ဖြစ်ကြောင်းနှင့် fiscal space များ ထုတ်ဖော်ကာ ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ဦးမောင်တိုးက တင်ပြဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယက က အစိုးရအဖွဲ့၏ ဘတ်ဂျက်စနစ် ကောင်းမွန်စေရန် Bottom Up ကို အခြေခံပြီး National Plan ချမှတ်ရန် လမ်းညွန်ပြောကြားခဲ့သည်ကို ဘဏ္ဍာရေးဝန်ကြီးက ဝန်ခံကတိပြုခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment