Tuesday, July 29, 2014

လက်ပံတောင်းဒေသခံ ၈၀ ဦးကျော် အမှုဖွင့်ခံရ

ကိုတိုးကြီး၊ ကျော်စွာဝင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်နယ်မြေအတွင်း ဒေသခံများနှင့် လုံခြုံရေးရဲများအကြား အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးရဲများက ဒေသခံ ၈၀ ကို အမှုဖွင့်ထားသည်ဟု ဆားလင်းကြီးရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီ ခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင်အတွင်း လုံခြုံရေး ရဲဘန်ကာအနီး မိုးကြိုးပြင်(အလယ်)ရွာမှ အမျိုးသမီးတစ်ဦးနှင့် ရွာဟောင်းမှ အမျိုးသမီးတစ်ဦးတို့အပါအ၀င် ဒေသခံရွာသား ၈၀ ခန့်နှင့် နွားအကောင် ၁၀၀ ခန့်ဖြင့် ရောက်ရှိလာခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ထို့နောက် နွားကျောင်းရန် တောင်းဆိုခဲ့ကြရာ လုံခြုံရေးရဲများက ခွင့်မပြုသဖြင့် ခြံစည်းရိုးတိုင်များ ဆွဲလှန်၍ နွားများ မောင်းသွင်းရန် ကြိုးစားစဉ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက နှင်ထုတ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

ထို့နောက်ရွာသားများက ကျေနပ်မှုမရှိ၍ဆိုကာ ခဲများ၊ လောက်လေးခွများဖြင့် ရဲတပ်ဖွဲ့ဝင်များအား ပစ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်းသို့ပစ်ခတ်ရာတွင် ရဲမှူးတစ်ဦး၊ ဒု-ရဲမှူး တစ်ဦး၊ ရဲတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ရွာသားများ၏ ပြောဆိုချက်အရ မေလ ၂၃ ရက်က နယ်စပ်ရေးရာဝန်ကြီး ဦးကြည်နိုင်နှင့် တွေ့ဆုံခဲ့ရာတွင် အဆိုပါလယ်မြေများတွင် ဒေသခံများအား ထွန်ယက်စိုက်ပျိုးခြင်း၊ နွားကျောင်းခြင်းအစရှိသည်များကို ခွင့်ပြုပေးမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော် ဇူလိုင် ၂၆ ရက်အထိ ခွင့်မပြုခြင်းကြောင့် သိမ်းဆည်းထားသည့် လယ်မြေများထဲမှ ဧက ၂၅၀ ခန့်ကို လုံးဝလျော်ကြေးရယူထားခြင်း မရှိသည့် လယ်သမား ၁၅၀ က အစိုးရတာဝန်ရှိသူများထံ ထွန်ယက်ခွင့်နှင့် နွားကျောင်းခွင့်တောင်းခံခဲ့ရာ မပေးခဲ့ဟု မိုးကြိုးပြင်ရွာမှ ဒေသခံ ဦးဝင်းကျော်က မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရရဲတပ်ဖွဲ့ဝင်များက ရွာသား ၈၀ ဦးကို ဇူလိုင်၂၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က ဆားလင်းကြီး မြို့မရဲစခန်းတွင် (ပ)၁၁၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၂/၃၄ အရ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုဖြစ်စဉ်တွင် ဒေသခံရွာသားသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာရသုံးဦးမှာ ကိုကျော်ဆွေ၊ ကိုဆန်းလင်းအောင်နဲ့ ကိုကျော်စိန်ဆိုသူတို့ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

No comments: