Tuesday, July 29, 2014

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျေယန့်ဒုက္ခသည်စခန်းမှ အိမ်ခြေ ၁၂၃ လုံး ပြောင်းရွှေ့ရန် စီစဉ်နေ

KNG

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းမှ တောင်ခြေတွင် နေအိမ်တည်ဆောက်၍ နေထိုင်နေသော အိမ်ခြေ ၁၂၃ လုံးမှ လူဦးရေ ၄၀၀ ကျော်ကို ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။

“ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေကို အရင်တောင်စောင်းနေရာကနေ လုံခြုံတဲ့ နေရာကို အထက်အမိန့်အရ ပြောင်းရွှေ့ထားတယ်။ မြေပြိုလာမှာစိုးလို့ စခန်းက ခန်းမမှာပြောင်းရွှေ့ထားတယ်။ သူတို့အတွက် ပြောင်းဖို့ နေရာအတိအကျတော့ မသိသေးဘူး”ဟု ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည် လူဦးရေ ၄၀၀ ဦးအတွက် လတ်တလော ဂျေယန့်ဒုက္ခသည်စခန်းရှိ ခန်းမတွင် ကြမ်းခင်းပေးခြင်း၊ အခန်းငယ်များ ဖွဲ့စည်းပေးကာ နေထိုင်စေပြီး ရွက်ဖင်တဲများ ဆောက်လုပ်ပေးကာ နေထိုင်စေသည်ဟု သူက ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တာဝန်ရှိသူများက ၄င်းဒုက္ခသည် ၄၀၀ ကျော်နေထိုင်ရန်အတွက် တောင်စောင်းနှင့် ဝေးသည့် မြေလွတ်နေသော ဖုန်လွမ်ယန် (Hpunlum Yang) ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ရန် သွားရောက် ကြည့်ရှုမှုများ ရှိသော်လည်း မည်သည့်နေရာ ပြောင်းမည်ကို အတိအကျ မသိရသေးကြောင်း သူက ပြောသည်။

ယူနန်ပြည်နယ် တရုတ်အစိုးရကလည်း အဆိုပါ ဒုက္ခသည်များ ခိုလှုံရန်အတွက် ရွက်ဖင်တဲ ၁၃၁ လုံးကိုလည်း ကူညီထောက်ပံ့ပေးခဲ့သလို၊ မိုးသည်းထန်းသဖြင့် ပျက်ဆီးသွားသော မီးတိုင်များ၊ မီးကြိုးများကိုလည်း ကူညီထောက်ပံ့ပေးနေခဲ့သည်ဟု ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။

“မြေပြိုတဲ့နောက် မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ လာကြည့်တယ်။ KIO က လိုအပ်တာ အကုန်လုံး ကူညီတယ်။ တရုတ်အစိုးရကလည်း ရွက်ဖင်သဲတွေ လာကူညီတယ်။ ပျက်ဆီးသွားတဲ့ မီးတိုင်၊ မီးကြိုးတွေလည်း လာကူညီပေးတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ဂျေယန့်ဒုက္ခသည်စခန်းတွင် မိုးသည်းထန်သဖြင့် မြေပြို၍ အိမ်တလုံး လူ ၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဂျေယန့်ချောင်းရေကြီးပြီး မြေပြိုမှု ထပ်မံ ဖြစ်ပွားခဲ့သည်။

အဆိုပါ သေဆုံးသွားသူများ၏ မိသားစု ၂ ဦးကျန်ရှိကာ ၄င်းတို့အတွက် အိမ်သုံးပစ္စည်းများကို KIO က ကူညီထောက်ပံ့ပေးခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လိုင်ဇာမြို့ ရောက်ရှိနေသော တိုင်းရင်းသားခေါင်းဆောင်များကလည်း ဂျေယန့် ဒုက္ခသည်သည်များအတွက် ကျပ်ငွေ ၅ သိန်း ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။

၎င်းဂျေယန့်ဒုက္ခသည်စခန်းတွင် အိမ်ခြေစုစုပေါင်း ၁၆၉၀ လုံးတွင် လူဦးရေ ၈၈၈၁ ဦး နေထိုင်နေကာ ၄င်းတို့သည် ၂၀၁၁ ခုနှစ်မှစတင်၍ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ကျေးရွာ ကားလမ်းတလျှောက်ရှိ ကျေးရွာများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ဒေသ၊ တာမိုးညှဲ၊ ကွတ်ခိုင်၊ ဗန်းမော်ခရိုင် စင်လီ စသည့် ဒေသများမှ ကျေးရွာပေါင်း ၈၁ ရွာမှ စစ်ပြေးဒုက္ခသည်များ လာရောက်ခိုလှုံနေခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

အစိုးရစစ်တပ်နှင့် ကေအိုင်အိုတို့ တိုက်ပွဲကြောင့် KIO နယ်မြေအတွင်း လက်ရှိ စစ်ပြေးဒုက္ခသည်ပေါင်း ၈၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း KIO မှ စစ်ပြေးဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။

No comments: