Tuesday, July 29, 2014

နိုင်ငံခြား ခရီးသွားများ အတွက် ပျူ မြို့ဟောင်းဒေသ ခရီးစဉ်များကို ခရီးသွား ကုမ္ပဏီ အချို့ စတင်စီစဉ်

သီဟကိုကို

ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း ဒေသသို့ နိုင်ငံခြား ခရီးသွားများ သွားရောက် နိုင်မည့် ခရီးစဉ် များကို မြန်မာ့ခရီးသွား ကုမ္ပဏီ အချို့ စတင် စီစဉ်လာသည် ဟု မြန်မာ့ ခရီးသွား လုပ်ငန်း ဈေးကွက် မြှင့်တင့်ရေး ကော်မတီ (Myanmar Tourism Marketing Committee)၏ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ က မဇ္စျိမ ကို ပြောသည်။

သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ဟောင်း များကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ပြီး နောက်တွင် လာမည့် ခရီးသွား ရာသီ၌ ယင်းဒေသ များကို ခရီးစဉ် ဒေသများ အဖြစ် စီစဉ် ရောင်းချရန် ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင် ကလည်း တိုက်တွန်း ထားသည်။ ဦးဖြိုးဝေရာဇာ က “ရှေးဟောင်းကို စိတ်ဝင်စားတဲ့ Tourist တွေ အဓိက လာဖို့ ရှိတယ်။ ခရီးသွား ဒေသ ဖြစ်လာဖို့က Tourist က ဘယ်ကို ပိုသွား ချင်လဲ ဆိုတဲ့ စိတ်ဝင်စားမှု အပေါ်မှာ မူတည်ပြီးပဲ ကျွန်တော်တို့က စီစဉ်ရမှာ။ ဒီခရီးစဉ်တွေ စီစဉ် ရောင်းချမယ် ဆိုရင် ကျွန်တော်တို့ မှာလည်း စိန်ခေါ်မှုတွေ ရှိပါတယ်”ဟု ပြောသည်။

ပျူမြို့ဟောင်း နေရာများကို သွားလာရန် အတွက် အချိန် ကြာမြင့်မှု၊ ပုံမှန် သွားလာ နေကျ ခရီးစဉ်များနှင့် အကွာအဝေး၊ ကုန်းလမ်း ကြောင်းဖြင့် အဓိက သွားရမည့် ဒေသများ ဖြစ်နေခြင်း တို့ကြောင့် ပျူမြို့ဟောင်း သုံးနေရာ စလုံးကို ခရီးစဉ် ချိတ်ဆက် ရောင်းချနိုင်ရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဦးဖြိုးဝေရာဇာ က “ ဒီဒေသ သုံးနေရာ စလုံးကို ခရီးစဉ်တွေ ချိတ်ဖို့က ခက်လိမ့်မယ်။ နီးစပ်တဲ့ ဒေသ တွေနဲ့ ချိတ်ဆက် တာက ပိုဖြစ်လာ နိုင်တယ်။ ဗိဿနိုး၊ ဟန်လင်းထက် သရေခေတ္တရာက ရန်ကုန်နဲ့လည်း နီးတဲ့ အတွက် Tourist တွေ သွားလာဖို့ ပိုများလာ နိုင်တယ် ” ဟု ပြောသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၊ ဒုတိယ ဥက္ကဌ ဦးသက်လွင်တိုး က ပျူမြို့ဟောင်း နေရာများ ကို သွားလာ နိုင်ရေး၊ တည်းခို နေထိုင်ရေးတို့ အဆင်ပြေရန် လိုအပ်ပြီး ခရီးစဉ် ဒေသများ အဖြစ် ဖွံ့ဖြိုးလာရန် အချိန်ယူ ဆောင်ရွက် ရမည်ဟု သုံးသပ်သည်။

သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ဟောင်း ဒေသ ခရီးစဉ်များကို နိုင်ငံခြား ခရီးသွားများ အတွက် Special Interest Tour စီစဉ် ဆောင်ရွက်သည့် ခရီးသွား ကုမ္ပဏီ အချို့မှ စတင် စီစဉ် ဆောင်ရွက် လျက်ရှိပြီး မြန်မာ ခရီးသွား လုပ်ငန်း ဈေးကွက် မြင့်တင်ရေး ကော်မတီမှ နိုင်ငံတကာ ခရီးသွား ပြပွဲများတွင် ယင်းဒေသ များကို နိုင်ငံခြား ခရီးသွားများ ပိုမို သိရှိလာရန် အတွက် ပြသသွားရန် စီစဉ် ထားသည်။

ဟိုတယ်/ ခရီး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ရွှေက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း ဒေသသုံးခုသို့ မကြာမီ ကာလ အတွင်း နိုင်ငံခြား ခရီးသွား များပြားစွာ လာရောက်မည်ဟု ဇူလိုင်လ ၂၆ ရက်တွင် ပြုလုပ် သည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချူပ် နှစ်ပတ်လည် အစည်း အဝေးတွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွား အများဆုံး သွားရောက်သည့် ပုဂံ ရှေးဟောင်း ဒေသသို့ ယခုနှစ် အတွင်း နိုင်ငံခြား ခရီးသွား တစ်သိန်းကျော် လာရောက် လည်ပတ် ခဲ့သည်။

No comments: