Wednesday, July 30, 2014

ပင်စင်စား အောက်ခြေအဆင့်တပ်မတော်သားများအတွက် အထပ်မြင့်အိမ်ရာ တည်ဆောက်ပေးရန် စီမံချက်ရေးဆွဲနေပြီ

မောင်သင်တုန်း

တပ်မတော်မှ အသက်ခြောက်ဆယ်ပြည့် ပင်စင်ယူထားသော အောက်ခြေတပ်မတော်သားများကို အထပ်မြင့် စစ်မှုထမ်းအိမ်ရာ တည်ဆောက်ပေးသွားမည်ဟု အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

အထပ်မြင့် စစ်မှုထမ်းအိမ်ရာများကို အောက်ခြေအနိမ့်ဆုံးအဆင့် ရိုးရိုးတပ်သားမှစပြီး အရာခံဗိုလ်အဆင့်အထိရှိသူများအတွက်သာ ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

“အသက် ၆၀ ပြည့်ဖြင့် အငြိမ်းစားယူ နုတ်ထွက်ခွင့်ရရှိသူများအပါအ၀င် စစ်ဆင်ရေးတွင် ရန်သူလက်နက်ဖြင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးအဆင့်နိမ့်ဖြင့် အငြိမ်းစားနုတ်ထွက်ခဲ့သူများအား ကိုယ့်အိုးကိုယ့်အိမ်ဖြင့် အေးချမ်းစွာ ဘ၀ရပ်တည်နိုင်ရေးအတွက် အထပ်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရန် စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒု-၀န်ကြီးက ဆက်ပြောသည်။

ထို့အပြင် စစ်ဆင်ရေးတွင် ကျဆုံးသေဆုံးခဲ့သူများ၏ မှတ်တမ်းဝင်အမွေခံ မိသားစုဝင်များလည်း အဆိုပါအထပ်မြင့် စစ်မှုထမ်းအိမ်ရာများတွင် ရရှိမည် ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါစီမံချက်အရ ၂၀၀၃ မှ ၂၀၁၂ ခုနှစ်အထိ အသက် ၆၀ ပြည့်ဖြင့် နုတ်ထွက်ခွင့်ရရှိခဲ့သူ စစ်မှုထမ်းအရေအတွက်အပေါ် အခြေခံတွက်ချက်ရာတွင် တစ်နှစ်လျှင် ၁,၁၂၃ ဦးခန့် ရှိသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို အသက်စွန့်၍ ၂၄ နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သား အခြားအဆင့်များ အသက် ၆၀ ပြည့် အငြိမ်းစားယူသည့်အခါ ရရှိသည့် အငြိမ်းစားလုပ်သက်ဆ ကြေးငွေဖြင့် ၀ယ်ယူနေထိုင်သော တန်ဖိုးနည်းအိမ်ခြံမြေ သို့မဟုတ် တိုက်ခန်းများကို တပ်မတော်က သော်လည်းကောင်း သို့မဟုတ် နိုင်ငံတော်အစိုးရကသော်လည်းကောင်း စီစဉ်ပေးရန် ရှိ၊ မရှိ မေးမြန်ခဲ့ခြင်း ဖြစ်သည်။

“တပ်က အသက်ခြောက်ဆယ်ပြည့်လို့ အပြင်ရောက်တော့ အိမ်နဲ့ခြံနဲ့ ရပ်တည်နိုင်သူ မရှိသလောက်ပါပဲ။ အပြင်ရောက်ပြီးတော့လည်း ၀င်ငွေရဖို့ အလုပ်လုပ်ဖို့က ခွန်အားရင်းနှီးပြီးလုပ်ဖို့က နုပျိုတဲ့၊ ပြည်ဝတဲ့ခွန်အားတွေဟာ တိုင်းပြည်အတွက် ပေးဆပ်ကုန်ခမ်းသွားပြီး ပုံမှန်ရတာကတော့ အငြိမ်းစားလစာတစ်ခုပဲဖြစ်တယ်။ နေစရာမရှိ၊ အငြိမ်းစား လစာကလေးနဲ့ ရပ်တည်ရပါတယ်။ အငြိမ်းစားလခထဲက အိမ်ငှားနေဖို့ ခက်ပါတယ်။ အသက်ခြောက်ဆယ်ပြည့်ရင်တော့ အိမ်ကလေးတစ်လုံးတော့ အမှန်လိုအပ်ပါတယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။

အဆိုပါ အငြိမ်းစားယူသူများကို တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိတိုက်ခန်း ဆောက်လုပ်မည်ဆိုပါက ၁,၁၂၃ ဦးအတွက် ကျပ်သန်း ငါးထောင်ကျော် (၅,၀၂၁,၃၇၁,၆၆၆ ဒသမ ၂၆ ကျပ်) ကုန်ကျမည်ဖြစ်ပါသည်။ သို့မဟုတ် ကျပ်သိန်း ၁၂၀ တန်းဖိုးရှိ တိုက်ခန်း ဆောက်လုပ်မည်ဆိုပါက ကျပ်သန်း ခုနစ်ထောင်ကျော် (၇,၂၆၇,၃၇၁,၆၆၆ ဒသမ ၂၆) ကုန်ကျမည်ဟု ခန့်မှန်းထားသည်ဟု ဒု-၀န်ကြီးက ဆက်ပြောသည်။

“အဆိုပါကုန်ကျစရိတ်များကို တပ်မတော် အထွေထွေသက်သာချောင်ချိရေး ရန်ပုံငွေက စိုက်ထုတ်သုံးစွဲသွားမှာ ဖြစ်ပါတယ်”ဟု ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

အထပ်မြင့် စစ်မှုထမ်းအိမ်ရာများ ဆောက်လုပ်ပေးပြီး ကုန်ကျစရိတ်များကို တပ်မတော်မှ စစ်မှုထမ်းသက် ၃၅ နှစ်မှ ၄၂ အထိ သက်ပြည့်နုတ် ထွက်ခွင့်ရရှိသူများကို စစ်မှုထမ်းများ၏ လုပ်သက်ဆုကြေးငွေများကို တွက်ချက်ရာတွင် ကျပ်သိန်းငါးဆယ် ကျော်ရရှိမည်ဖြစ်သည့်အတွက် အဆိုပါငွေကြေးများထဲမှ ခုနှိမ်သွားမည်ဟု ဖြေကြားခဲ့သည်။

အဆိုပါစီမံကိန်း ရေးဆွဲဆောင်ရွက်လျက်ရှိသည်ဟုသာ ဖြေကြားခဲ့ပြီးမည်သည့် အချိန်၊ မည်သည့်တည်နေရာများတွင် တည်ဆောက်သွားမည်ကို ပြောကြားခဲ့ခြင်း မရှိပေ။ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူနုတ်ထွက်ခွင့် ရရှိသူများသည် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် စစ်မှုထမ်းဟောင်း အိမ်ရာများတွင် နေထိုင်လိုကြောင်း တင်ပြလာသူများရှိသည်ဟု ဒု-၀န်ကြီးက ပြောသည်။

တပ်မတော်မှ အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းအိမ်ရာများကို ၂၀၀၉ ခုနှစ် မေလမှ ၂၀၁၄ ခုနှစ်၊ မေလအချိန်အထိ စုစုပေါင်း ၃၁၁ ဦး နေရာချထားပေးပြီးဖြစ်သည်ဟု ဖြေကြားခဲ့သည်။

No comments: