Wednesday, July 30, 2014

ရန်ကုန်မြို့လယ် ယာဉ်တိုက်မှု ထွက်ပြေးသူဖမ်းမိပြီ

ကျော်စွာဝင်း

ရန်ကုန်မြို့လယ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် (ယခင်ကုန်သည်ကြီးများဟိုတယ်) အရှေ့တွင် ဇူလိုင် ၂၈ ရက် ည ၁ဝ နာရီ ကျော်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ထွက်ပြေးသွားသည့် ယာဉ်မောင်းကို ဇူလိုင် ၂၉ နံနက် ၄ နာရီတွင် ဖမ်းမိခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။

"မနေ့ကတုန်းက ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ ယာဉ်မောင်းနှင်သူကိုမတွေ့ရဘူး။ ဒါကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းတဲ့အခါ နံနက်လေးနာရီ လောက်မှာ ယာဉ်မောင်းနှင်သူကို ဖမ်းမိခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။

လူများနှင့် ကားများကို တိုက်ခဲ့သည့် ကားထဲတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးတို့ ပါဝင်ပြီး အမျိုးသမီးနှစ်ဦးကို အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအကြာတွင် ရဲဌာနက တွေ့ရှိခဲ့ကာ ကျန်လေးဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ကားပေါ်တွင် ပါလာသည့် အမျိုးသမီးများနှင့် ပတ်သက်၍ မဇ္ဈိမက ရဲဌာနကို မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။

ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် ပန်းပဲတန်းမြို့နယ်၊ ၃၁ လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ မြန်မာဆက်သွယ်ရေးရုံးရှေ့တွင် ပရိုဘောက်စ် အမျိုးအစား ခဲရောင်ကိုယ်ပိုင်ကားတစ်စီးရပ်ထားရာမှ နောက်သို့အဆုတ်တွင် ရပ်ထားသည့် ဟွန်ဒါဖစ်အမျိုးအစား ယာဉ်နှစ်စီးကို တိုက်မိခဲ့သည်။

ထို့နောက် ပရိုဘောက်ကားသည် မဟာဗန္ဓုလလမ်း ညာဘက်ခြမ်းသို့ ကွေ့မောင်းရာတွင် ညာဘက်ရှိ စူပါကာစတန်ကားနှင့် ဟွန်ဒါစီဖစ်ကားတို့ကို ထပ်မံတိုက်မိ ခဲ့ပြန်သည်။

ထို့နောက် မဟာဗန္ဓုလလမ်းအတိုင်း အရှိန်ဖြင့် ပြန်လည်မောင်းနှင်လာရာ ဆူးလေဘုရားလမ်းပေါ်ရှိ လမ်းလယ်ကျွန်းတွင်ထိုင်နေသူ ခြောက်ဦးနှင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ခဲ့သည်။

ထိခိုက်မှုကြောင့် အသက် ၅ဝ အရွယ် အမည်မသိ စုံစမ်းဆဲ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျန်သူများမှာ ရန်ကုန်ဆေးရုံကြီးတွင် ကုသနေသည်။

အဆိုပါဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများကြောင့် ပန်းပဲတန်းရဲစခန်းမှ မော်တော်ယာဉ်မောင်းနှင်သူ မောင်မောင် (၂၄)နှစ် အလုံမြို့နယ်နေသူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/ ၂ဝဝ ဖြင့် အမှုဖွင့်အရေးယူထားပြီး ကျောက်တံတားရဲစခန်းမှ သေဆုံး ဒါဏ်ရာရရှိသူများရှိသည့်အတွက် ပြစ်မှုပုဒ်မ ၃ဝ၄ က/ ၃၃၈/ ၃၃၇/ ၂ဝ၂ တို့ဖြင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

No comments: