Thursday, July 31, 2014

တစ်မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောဆိုနိုင်သည့် ၀န်ဆောင်မှု မြန်မာ့ဆက်သွယ်ရေး စတင်

မောင်မန်း

တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ဖုန်းပြောဆိုနိုင်မည့် ၀န်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင် ၂၉ ရက်တွင် စတင်လိုက်ပြီး ယင်းဝန်ဆောင်မှုတွင် အသုံးပြုသူက မိမိခေါ်ဆိုမှု ပြုလုပ်လိုသည့် ဖုန်းနံပါတ် သုံးလုံးကို စာရင်းသွင်းထားရမည်ဖြစ်ကာ ယင်းဖုန်းများသို့ သတ်မှတ်ထားသည့် ကာလအတွင်း ထက်ဝက် ဈေးဖြင့် ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက်ပြီး ဖြေကြားပေးနေသည့် 1876 Call Center က တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖုန်းပြောဆိုခလျှော့ချပေးမည့် Friend and Family Service ၀န်ဆောင်မှု အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ယင်းဝန်ဆောင်မှုကို ရယူရာတွင် ၀န်ဆောင်ခအတွက် ကျပ် ၂၅၀၀ ကို မိမိဖုန်းဘီလ်မှ နုတ်ယူသွားမည်ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုတွင် စာရင်းသွင်းထားသည့် မိုဘိုင်းဖုန်း သုံးလုံးသို့သာ ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်ဖုန်းများသို့ ခေါ်ဆိုမှုမှာ ကျပ် ၅၀ ပင်ဖြစ်သည်။

1876 Call Center ၏ တာဝန်ရှိသူ တစ်ဦးက“ဖုန်းတစ်လုံးက ခေါ်ဆိုမှု အများဆုံးလုပ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေရဲ့ ဖုန်းတွေကို စာရင်းပေးထားရမှာ ဖြစ်ပါတယ်။ ဒီဖုန်းတွေကို ခေါ်ရင် တစ်မိနစ် ၂၅ ကျပ်နှုန်း ကောက်ခံသွားမှာပါ” ဟုဆိုသည်။

ဝန်ဆောင်မှုရယူရန်အတွက် ဖုန်းနံပါတ် ၁၃၃၁ သို့ ADD စာရင်းသွင်းလိုသည့် ဖုန်းနံပါတ် သုံးလုံး (ဥပမာ - ADD 094…)ကို မက်ဆေ့ခ်ျပေးပို့ရမည်ဖြစ်သည်။ ယင်းစာရင်းတွင် ပေးပို့ထားသည့် ဖုန်းနံပါတ်သုံးလုံးသို့ ဆက်သွယ်ခေါ်ယူမှုများအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်းကို စတင်ဝန်ဆောင်မှုရယူသည့် အချိန်မှ ရက်သုံးဆယ်အတွင်း ရရှိမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုကဲ့သို့ ဈေးလျှော့ချခြင်းအပေါ် စီးပွားရေးပညာရှင်တစ်ဦးက “ရက်သုံးဆယ်ကို ကျပ် ၂,၅၀၀ ဆိုတော့ (၀န်ဆောင်ခက) တစ်ရက် ကို ၈၀ နှုန်းလောက်ကျပါတယ်။ ဖုန်းသုံးတာများတဲ့သူကတော့ တန်ပါတယ်။ အော်ပရေတာတွေအနေနဲ့ အသုံးပြုသူကို အပြိုင် ဆွဲဆောင်မှာပါပဲ” ဟု သုံးသပ်သည်။

ပြည်ပအော်ပရေတာများက ဖုန်းချပေးရန် စီစဉ်မှုများ ပြုလုပ်နေချိန်တွင် မြန်မာ့ဆက်သွယ်ရေးက ယခုကဲ့သို့ ပရိုမိုးရှင်းအစီအစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု အခြေအနေနှင့် အော်ပရေတာများ၏ အသုံးပြုသူအပေါ် ဆွဲဆောင်မှုများနှင့်ပတ်သက်ပြီး မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ နည်းပညာအရာရှိ ကိုစိုးသီဟနောင်က“ဖုန်းနံပါတ်ကို အသေဖြစ်ဖို့ လိုအပ်တယ်ဆိုတာမျိုးက ဒီမှာ နည်းပါတယ်။ ဒီနိုင်ငံမှာက ဖုန်းကို အချိန်မရွေး ပြောင်းကိုင်လိုက်လို့ရတဲ့ အနေအထားများ ပါတယ်။ တစ်ဖက်က ၂၅ ကျပ်ဆိုရင် ကိုယ့်ဘက်ကလည်း များမနေဖို့ လိုတယ်။ မဟုတ်ရင် ပိုကောင်းတဲ့ဟာကို ပြောင်းသုံးကြမှာပဲ”ဟု သုံးသပ်ခဲ့သည်။

အဆိုပါဝန်ဆောင်မှုကို အသုံးပြုရန် စာရင်းသွင်းလိုက်သည့် ကမာရွတ်မြို့နယ်နေသူ တစ်ဦးက “၂၅၀၀ ဖြတ်ထားပေမယ့် ဖုန်းသုံးလုံးကိုပဲ ရမယ်။ အားလုံးကိုရတာ မဟုတ်ဘူး။ ဒီသုံးလုံးနဲ့လည်း နေ့တိုင်း ပြောဖြစ်နေမှာ မဟုတ်ပါဘူး။ ဖုန်းအားလုံးကို ၂၅ ကျပ်နဲ့ ရနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုကျတော့ အဆင်မပြေပါဘူး”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက ပေးမည့်ဝန်ဆောင်မှုတွင် GSM နှင့် WCDMA ဖုန်းများသာ ပါဝင်မည်ဖြစ်ပြီး CDMA ဖုန်းများအတွက်လည်း ၀န်ဆောင်မှု ဆက်လက်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။ စာရင်းတွင် ပေးထားသည့် ဖုန်းသုံးလုံးမှ တစ်လုံးကို ပြောင်းလဲခွင့်ရရှိမည်ဖြစ်ပြီး ပြောင်းလဲလိုပါက MODIFY ပေးပို့ပြီး ဖုန်းနံပါတ်အစားထိုး လဲလိုသော နံပါတ်အသစ်ကို ၁၃၃၁ သို့ မက်ဆေ့ခ်ျပေးပို့ကာ ပြောင်းလဲထည့်သွင်းနိုင်မည် ဖြစ်သည်။

No comments: