Thursday, July 31, 2014

ရွှေစွမ်းရည် ပီနံအိတ်စက်ရုံ အလုပ်သမား ရှစ်ဦး အချိန်ပို ၆ နာရီ မဆင်းနိုင်၍ အလုပ်ထုတ်ခံရ

ခင်မြတ်မြတ်ဝေ

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ ရွှေစွမ်းရည်ပီနံအိတ်စက်ရုံမှ အလုပ်သမား ရှစ်ဦးကို အလုပ်ချိန်အပြင် အချိန်ပို ၆နာရီ အလုပ်ဆင်းခိုင်းရာ အလုပ်သမားများက မလုပ်နိုင်ဟုဆို၍ ဇူလိုင်လ ၂၉ရက်က အလုပ်သမား ၈ဦးကို အလုပ်ထုတ်လိုက်သည်ဟု အလုပ်သမားခေါင်းဆောင် မချိုချိုအေးက မဇ္ဈိမကို ပြောသည်။

"အချိန်ပိုက အရမ်းများနေတဲ့ အိပ်ရေးပျက်လို့ မဆင်းနိုင်တော့ဘူးလို့ အလုပ်သမားတွေက ပြောတော့ အလုပ်ထုတ်လိုက်တယ်။ အခု မြို့နယ် ညှိနှိုင်းရေးကို ကျွန်မတို့တွေ တိုင်ထားတယ်" ဟု ယင်းကဆိုသည်။

အလုပ်သမားများကို ဇူလိုင် ၂၉ရက်က နုတ်ဖြင့် အလုပ်ထုတ်လိုက်ပြီး ၃ဝရက်တွင် စက်ရုံက အလုပ်ထုတ်ကြောင်း တရားဝင် စာဖြင့် ကြေငြာခဲ့သည်။ ယင်းစာတွင်မူ လအလိုက် ပျက်ရက်များသည်ဟူသော အကြောင်းပြချက်ဖြင့် မန်နေဂျာက စာထုတ်လိုက်ခြင်း ဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင် မချိုချိုအေးက ပြောသည်။

"ဒါဟာ အလုပ်သမားတွေ အပေါ်မတရားလုပ်တာပဲ"ဟု ၎င်းက ဆိုသည်။

အလုပ်သမားများကို ကူညီပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးကလည်း "အလုပ်သမားတွေကို တစ်နေ့ ၁၂နာရီအပြင် နောက်ထပ်၃နာရီ ထပ်အချိန်ပိုခိုင်းတာ လုံးဝမဖြစ်သင့်ဘူး။ ဒီလိုအလုပ်ရှင်ကို လုံးဝ အရေးယူသင့်တယ်"ဟု မဇ္ဈိမကို ပြောသည်။

ရွှေစွမ်းရည် ပီနံအိတ် စက်ရုံမှ အလုပ်ချိန် ပုံမှန် ၈နာရီသာ သတ်မှတ်ထားသော်လည်း အလုပ်ရှင်မှ ထုတ်ကုန် တင်ပို့မှုအတွက် အလုပ်သမားများအား အချိန်ပို ၃နာရီ အလုပ်ဆင်းပေးပါရန် မေတ္တာရပ်ခံထားသည်။ အချိန်ပိုအတွက် တစ်နာရီ ကျပ်ငွေ ၃၁၄ကျပ် ပေးသည်ဟု ဆိုသည်။ ယင်းအပြင် နောက်ထပ် ၃နာရီ စုစုပေါင်း အချိန်ပို ၆နာရီ ဆင်းခိုင်းသည့်အတွက် အလုပ်သမားများက မလုပ်နိုင်ဘဲ အလုပ်ထုတ်သည်အထိ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု မချိုချိုအေးက ပြောသည်။

အလုပ်ထုတ်ခံရသည့် အထဲတွင် ဖြိုးသူရ၊ မြင့်ဇော်၊ ငြိမ်းချမ်းအောင် အပါအဝင် အလုပ်သမား ၈ယောက်အား အလုပ်ရှင်က အလုပ်ထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ အလုပ်ထုတ်လိုက်သည်ကို အလုပ်သမားများက လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးသို့ တိုင်ကြားထားရာ သြဂုတ်လ ၅ရက်တွင် နှစ်ဖက်ညှိနှိုင်းရန် ချိန်းဆိုထားသည်ဟု ဆိုသည်။

ယင်းစက်ရုံတွင် အလုပ်သမားပေါင်း ၁၆၅ဦး ရှိပြီး အလုပ်သမားများက မေလ ၂ဝရက်ကလည်း လုပ်ခလစာ တိုးတောင်ခြင်း၊ ခွင့်ခံစားခွင့် တိုးတောင်းခြင်း အပါအဝင် ၇ချက်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ရာ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံး ညှိနှိုင်းပေးခဲ့ရသေးသည်။

ယင်းသို့ ညှိနှိုင်း သဘောတူအပြီး တစ်ပတ်အကြာတွင် အချိန်ပို ၆နာရီအထိ ဆင်းပေးရန် စက်ရုံ မန်နေဂျာက ပြောခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားခေါင်းဆောင်က ပြောသည်။

No comments: