Tuesday, July 29, 2014

တပ်မတော်၏ အထူးအခွင့်အရေးများ ရုပ်သိမ်းပေးရန် မိုးထဲရေထဲတွင် ဆန္ဒပြ

နန်းမြင့်

တပ်မတော်ကို အထူးအခွင့်အာဏာများ အပ်နှင်းထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ဖျက်သိမ်းပေးရန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား လူမှုကွန်ရက်မှ ဇူလိုင်လ၂၇ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခြင်း ဆန္ဒပြခြင်းတို့ပြုလုပ်သည်။

ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဇူလိုင်၂၇ ရက် မွန်းလွဲ ၂ နာရီမှစတင်ပြီး စမ်းချောင်းမြို့နယ် မြေနီကုန်းပန်းခြံမှ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်းအထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါအဖွဲ့အစည်းများက ဗိုလ်စိန်မှန် အားကစားကွင်းတွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စာရေးဆရာများ၊ အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ်္ဂိုလ်များက ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

အမျိုးသမီးများ ငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက်မှ ဦးဆောင်သူ ဒေါ်စူစန်နာလှလှစိုးက “အခြေခံဥပဒေကို လက်မခံနိုင်ပါဘူး။ လူတစ်ဦး၊ လူတစ်စုကနေပြီး သူတို့ကောင်းစားရေး၊ အာဏာတည်မြဲရေးအတွက် ဦးဆောင်ပြီး ဆွဲထားတဲ့အတွက် ပြည်သူတွေ ဆန္ဒမပါတဲ့အတွက်ကြောင့် မလိုချင်ပါဘူး။ ကန့်ကွက်ပါတယ်”ဟု ပြောသည်။

ထိုစီတန်းလှည့်လည်ခြင်းနှင့် ဟောပြောခြင်းကို အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့် ဟောပြောခြင်းအပြင် အဆိုပါအဖွဲ့အစည်း ၃၀ တွင် ပါဝင်သည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ ကွန်ရက်ကလည်း အချက်ခြောက်ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်အစိုးရလက်ထက် တစ်ဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သဖြင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ပြည်သူ့ဆန္ဒကို ထင်ဟပ်မှု မရှိကြောင်း၊ ဒီမိုကရေစီစံနှုန်းများနှင့် ကင်းကွာနေသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေသည်ဟု ကြွေးကြော်နေသည့် အစိုးရနှင့် လွှတ်တော်သည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း၊ ပြည့်ဝသော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာရေးကို အဟန့်အတားဖြစ်စေမည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အမှန်တကယ်လိုလားပါက ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်သော တပ်မတော်ကို အထူးအခွင့်အာဏာများ အပ်နှင်းထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ဖျက်သိမ်းပေးရန် လိုအပ်ကြောင်းစသည်တို့ ပါဝင်သည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား လူမှုကွန်ရက်မှ အဖွဲ့ဝင် ကိုသူရိန်က “ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြည်သူအတွက် အရေးကြီးတဲ့ လုပ်ငန်းတစ်ခုလို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူတွေ လိုချင်တဲ့ တန်းတူညီမျှမှုတွေ အခြေခံဥပဒေက အာမခံချက် မပေးနိုင်သေးဘူး။ ဒီထက်အာမခံချက်ပေးနိုင်တဲ့ အခြေခံတစ်ရပ် ပေါ်ပေါက်လာဖို့လိုတဲ့အတွက် ဒီလိုဆက်လက်လုပ်ဆောင်နေတာဖြစ်တယ်”ဟု ပြောသည်။

ယင်းဟောပြောပွဲတွင် ကြည့်မြင်တိုင် လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ကိုထွန်းထွန်းကျော်၊ စာရေးဆရာမ မယ်ငွေဥ၊ NLD သတင်းနှင့် ပြန်ကြားရေးကော်မတီဝင် စာရေးဆရာ ဦးထင်လင်းဦး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ၊ အမျိုးသမီးများငြိမ်းချမ်းရေး ရှေ့ဆောင်ကွန်ရက်မှ ဒေါ်စူစန်နာလှလှစိုးနှင့် အေးချမ်းမြန်မာအဖွဲ့မှ ဦးစလိုင်းအိုက်ဇက်ခင်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။

No comments: