Tuesday, July 29, 2014

ထီပေါက်ပြီး ဆုငွေ မထုတ်ကြ၍ သုံးနှစ်အတွင်း နိုင်ငံဘဏ္ဍာငွေ ကျပ်သန်း ၆၉ဝဝ ကျော်ရရှိ

စိုးသန်းလင်း

အောင်ဘာလေထီ ပေါက်သော်လည်း ဆုငွေလာမထုတ်ကြ၍ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အထိ ကျပ်သန်း ၆၉၁၇ ဒသမ ၃ဝ အား နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဇူလိုင်လ ၂၈ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“ဘဏ္ဍာနှစ်သုံးနှစ်အတွင်းမှာ ထီပေါက်ပြီး လာမထုတ်တဲ့ဆုပေါင်း ၅၃,၇ဝဝ ရှိပါတယ်၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၆၉၁၇ ဒသမ ၃ဝ ရှိပါတယ်၊ တစ်နှစ်အတွင်း လာမထုတ်တဲ့ ဆုမဲတွေကို ဆယ့်တစ်လ အရောက်မှာ နိုင်ငံပိုင် သတင်းစာတွေ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးတွေ၊ စည်ပင်သာယာရုံးအသီးသီးနဲ့ ပြည်တွင်း အခွန်များဦးစီးဌာနရဲ့ အင်တာနက် Web Page တွေမှာ ထည့်သွင်းဖော်ပြပေးထားပါတယ်၊ တစ်နှစ်ပြည့်တဲ့ အထိ လာမထုတ်ရင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပါတယ်” ဟု ၎င်းက နတ္တလင်းမဲဆန္ဒနယ်အမတ် ဦးရဲထွဋ်ဦး၏ အမေးကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အောင်ဘာလေထီပေါက်သည့် ဆုမဲနှင့် လာမထုတ်သည့်ဆုမဲ အရေအတွက်များမှာ ၂ဝ၁၁-၁၂ တွင် ပေါက်မဲ ၁၆၉,ဝ၈၉ အနက် ၁၅,၅၆၈ ဆု၊ ၂ဝ၁၂-၁၃ တွင် ပေါက်မဲ ၁၇၇,၃၁၉ အနက် ၁၆,၉၂၃ ဆု၊ ၂ဝ၁၃-၁၄ တွင် ပေါက်မဲ ၂၄၈,၈၃၅ အနက် ၂၁,၂၁၉ ဆုတို့ကို လာမထုတ်ခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်း ခဲ့ရကြောင်းလည်း ဒေါက်တာလင်းအောင်က ထည့်သွင်းပြောကြားသည်။

ထို့အပြင် နတ္တလင်းအမတ် ဦးရဲထွဋ်ဦး၏ "သိမ်းဆည်းထားသော ဆုငွေများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုရှိဖို့လိုကြောင်း" ထောက်ပြသည့်အပေါ် ဘဏ္ဍာရေး ဒု-ဝန်ကြီးက “နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ ဆုငွေတွေကို နိုင်ငံတော်၏ အခွန်ရငွေ(ဘဏ္ဍာသိမ်း) အဖြစ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ အတိုင်း ပေးသွင်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နတ္တလင်းအမတ် ဦးရဲထွဋ်ဦး၏ “တစ်လတာ အောင်ဘာလေထီရောင်းအား၊ ထီလက်မှတ်အုပ်ရေနှင့် ရောင်းရငွေများကို ပြည်သူသို့ ထုတ်ပြန်ပေးနိုင်ခြင်းရှိ မရှိ” ဟူသည့် မေးခွန်းနှင့် ပတ်သက်၍လည်း တစ်လတာ ရိုက်နှိပ်ရောင်းချသော ထီအက္ခရာစဉ်များနှင့် ထီအုပ်ရေတို့ကို လာမည့် ၂ဝ၁၄ သြဂုတ်လ (၁) ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေထီ (၃ဝ၇) ကြိမ်မြောက် မှစပြီး နိုင်ငံပိုင်သတင်းစာများတွင် လစဉ်ထည့်သွင်း ဖော်ပြပေးသွားမည်ဟု ဒေါက်တာ လင်းအောင်က ဖြေကြားခဲ့သည်။

No comments: