Wednesday, July 30, 2014

ဆေးဖြတ်သူများ ပြန်လည် ထူထောင်မည့် စင်တာ (၂) ခု ဖွင့်ရန် မွန်ပြည်သစ် စီစဉ်နေ

ရွှေဟင်္သာ

မွန်ပြည်သစ်ပါတီ ထိန်းချုပ် ဒေသ တွင်း၌ မူးယစ် ဆေးဝါး ဖြတ်သည့် သူများအား ပြန်လည် ပြုစု ပျိုးထောင် ပေးနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၌ ပြည်လည် ထူထောင်ရေး စင်တာ နှစ်ခု ဖွင့်လှစ် သွားရန် စီစဉ် လုပ်ဆောင် နေကြောင်း မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် တဦး ဖြစ်သည့် နိုင်အေးမွန်မှ ပြောသည်။

“အခု အလှူရှင် တွေနဲ့ စကားပြော ထားတာ EBO က တစ်နေရာ ပေးဖို့ သဘောတူ ထားပါတယ်၊ EBO ရဲ့ အကူအညီ ကတော့ ကျနော်တို့ မော်လမြိုင် ခရိုင်မှာ စင်တာ ထားဖို့ စီစဉ် ထားပါတယ်၊ နောက်တစ်နေရာ ကတော့ ထားဝယ် ခရိုင်ပါ၊ အဲဒါ ကတော့ UNODC နဲ့ ပြောထားတယ်၊ သူတို့ကလည်း ဒီလိုမျိုး အကူအညီ ပေးဖို့ အစီအစဉ် ရှိတော့ သူတို့ အကူ အညီကို ထားဝယ် ခရိုင်မှာ စင်တာ ထားဖို့ စီစဉ် ထားတာပါ” ဟု နိုင်အေးမွန်က ပြောသည်။

မွန်ပြည်သစ် ပါတီ အနေဖြင့် ထိန်းချုပ် ဒေသ လက်အောက်ရှိ ကျေးရွာ၊ မြို့နယ်၊ ခရိုင် တို့၌ မူးယစ်ဆေးဝါး တားဆီးရေး၊ တိုက်ဖျက်ရေး၊ ပညာ ပေးရေး တို့ကို အဆက်ဆက် လုပ်ဆောင် လာမှု ရှိသော်လည်း ယခုကဲ့သို့ မူးယစ် ဆေးဝါး ဖြတ်တောက်မည့် လူငယ် များအား ပြန်လည် ထူထောင်ရေး စခန်း ထားရှိကာ ပြန်လည် ပြုစု ပျိုးထောင်ရန် စီစဉ် မှုမှာ ပထမဦးဆုံး အကြိမ် လုပ်ဆောင် မှုလည်း ဖြစ်သည်။

မွန်ပြည်နယ် အတွင်း လူငယ်နှင့် လူလတ်ပိုင်း များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု များပြား လာလျက် ရှိကာ အထူးသဖြင့် စိတ်ကြွှ ဆေးပြားနှင့် ဘိန်းစာရွက်ဟု ခေါ်သည့် ဗိုင်ကထောင်းကို အဓိကထား အသုံးပြု နေကြ သည်ကို တွေ့ရသည်။

အထူး သဖြင့် လူငယ်များ စိတ်ကြွှဆေး သုံးစွဲမှုသည် ကြောက်မက်ဖွယ် တိုးလာ နေပြီး စိုးရိမ် ရသည့် အနေအထား ရောက်ရှိ နေပြီ ဖြစ်ကြောင်း မိသားစုတွင်း မူးယစ်ဆေး ပြသနာကို ကိုယ်တိုင် ကြုံခဲ့ရသည့် အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“ကျမ တူလေးပေါ့၊ ကျောင်းနေတာ (၇) တန်း ၊ အသက်က (၁၄) နှစ်ပဲ ရှိသေးတယ်၊ စိတ်ကြွှ ဆေးကို ရှူးသွပ်တဲ့ အထိ စွဲနေတယ်၊ (၇) ရက်လောက် အိမ်ပြန်မရောက်တဲ့ နေ့တွေလည်း ရှိတယ်၊ တခါ တလေ ရာဘာခြံတွေမှာ အိပ်နေ တတ်တယ်၊ အိမ်က ထွက်သွားတော့ ကျောင်းသွား တက်တာပေါ့၊ ကျောင်းကို တစ်လလောက် မရောက်ဘူး ဆိုပြီး ဆရာမက တိုင်တယ်၊ သွားရှာတော့ သင်္ချိင်းမှာ အခြား လူငယ် တွေနဲ့ ဆေးသုံး နေတာ တွေ့ရတယ်၊ နောက်ဆုံး ကျောင်းက နေတောင် ထွက်လိုက်ရတယ်” ဟု ၎င်း၏ မိသားစုတွင်း ကြုံတွေ့ ရသည့် ပြသနာအား ရွှေဟင်္သာသတင်းဌာနသို့ ပြောကြား ခဲ့သည်။

မူးယစ် ဆေးဝါး များအား နေရာတိုင်း လိုလို၌ အလွယ်တကူ ဝယ်ယူ၍ ရနေ သောကြောင့် အသက်မပြည့်သည့် လူငယ် များပင် ယနေ့၌ မူးယစ် ဆေးဝါးကို အလွယ် တကူပင် အသုံးပြု နေကြကြောင်း မူးယစ်ဆေး အန္တရာယ် ပညာပေးရေး ပြုလုပ် နေသည့် မွန်လူငယ် အဖွဲ့မှ အမည် မဖော် လိုသူ တဦးက ပြောသည်။

“ကျနော်တို့ ရွာဆိုရင် ရွာအနီး အနားမှာတောင် ဝယ်လို့ ရတယ်၊ စိတ်ကြွှဆေး ဆိုရင် အကောင်းစားက တစ်လုံး (၃) ထောင်ကျပ်လောက်၊ နည်နည်း နိမ့်တာတော့ (၂၅၀၀) လောက်နဲ့ ရတယ်၊ ကလေး တွေတောင် သုံးနေကြတယ်၊ ဘာဖြစ် လာလဲ ဆိုတော့ ကလေးတွေက ဆေးသုံးစရာ ပိုက်ဆံ မရှိရင် အမေ့ပိုက်ဆံ ခိုးတာမျိုး ၊ ရော်ဘာပြားတွေ ခိုးရောင်း တာမျိုး၊ ဆိုင်ကယ်ပေါင်/ ရောင်း တာမျိုးတွေ လုပ်လာတယ်၊ အကျင့်တွေ ပျက်လာတယ်” ဟု အမည်မဖော် လိုသည့် မွန်လူငယ် တဦးကလည်း ၎င်း၏ အတွေ့ အကြုံအား ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

မွန်ပြည်နယ် အတွင်း၌ လူငယ်များ၏ (၆၀) ရာခိုင်နှုန်း ကျော် မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့ရှိ ခဲ့ရကြောင်း ပြီးခဲ့သည့် မေလ၌ ကျင်းပ ခဲ့သည့် မွန်လူငယ် ညီလာခံ၌ တင်သွင်း ထားသည့် “လူငယ်နှင့် မူးယစ်ဆေးဝါး” စာတမ်းအရ သိရှိ ရသည်။

မွန်ပြည်နယ် အတွင်း၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား နေမှု များသည် လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်မှု ရှိနေ ကြောင်းလည်း ကျိုက်ထို မဲဆန္ဒနယ် အမှတ် (၂) မှ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည့် ဦးစိန်မြင့်ကလည်း ဆိုပါသည်။

“လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့လုံး မဟုတ်ဘူး၊ သူတို့ အဖွဲ့ဝင် တွေပေါ့၊ ကျနော်တို့ မျက်စိနဲ့လည်း တပ်အပ် မြင်တယ်၊ မော်လမြိုင် မြို့ပေါ်မှာတောင် ရောင်းဝယ် ဖောက်ကား မှုတွေ ရှိနေတယ်” ဟု ဦးစိန်မြင့်က ဆိုပါသည်။

ထိုသို့ မွန်ပြည်နယ်၌ ထူပြော လာနေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသား စီမံချက် အဆင့်ထား၍ မိမိတို့ ထိန်းချုပ် ဒေသများ၌ တိုက်ဖျက်ရန် မွန်ပြည်သစ်ပါတီမှ လျာထားကာ ပြီးခဲ့သည့် ဧပြီလ၌ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ပုံမှန် ဗဟိုကော်မီတီ အစည်း အဝေး ၌လည်း မူးယစ်ဆေး တိုက်ဖျက်ရေးနှင့် ပြည်လည် ထူထောင်ရေး စခန်း အတွက် လိုအပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက် ကာကွယ်ရေး ဆိုင်ရာ နည်းဥပဒေ များကို ရေးဆွဲ ပြဌာန်းကာ အတည်ပြု ခဲ့ပါသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ် ဒေသ တွင်း၌ ထိုသို့ ပြန်လည်ထူထောင်ရေး စင်တာ (၄) ခုခန့် ဆောက်လုပ် သွားရန် လျာထားသည့် အနက်မှ ယခု စင်တာ နှစ်ခုအား စံပြ အနေဖြင့် ပထမ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်အေးမွန်က ဆိုပါသည်။

No comments: