လပြည့်ဝန်း
မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုများ လျှော့ပါးရေးနှင့် တရားမဝင် သစ်ခိုးထုတ်မှုများကို ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဥရောပသမဂ္ဂ (အီးယူ)မှ ဖွဲ့စည်းထားသော FLEGT (Forest Law Enforcement Governance and Trade) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းပေါင်း ၆၅ ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်တွင် စစ်ကိုင်းမြို့တွင် တွေ့ဆုံသွားမည် ဖြစ်သည်။
FLEGT အဖွဲ့မှ သစ်ခိုးထုတ်မှု နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တွင် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ဒေသသုံးခုမှ အရပ်ဖက်အဖွဲ့အစည်းများ နှင့် ဇွန် ၁၁ရက်တွင် ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်၌ ပထမအကြိမ် တွေ့ဆုံခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေ့လာမှုများ ပြုလုပ်ရန် အတွက် ထိုဒေသအတွင်း၌ ယခုကဲ့သို့ တွေ့ဆုံ သွားရန်စီစဉ်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ FLEGT နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေကို အသိပညာပေးဖို့ တွေ့ကြမှာ ဖြစ်ပါတယ်။ တရားမဝင်သစ်က နည်းလမ်းမျိုးစုံနဲ့ ရောင်းဝယ်နေကြတာဆိုတော့ FLEGT အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ရင် ဒီကိစ္စတွေလည်း လျှော့သွားမယ်လို့ ထင်တယ်” ဟု စစ်ကိုင်းဒေသကြီးရှိ၊ အထက်ချင်းတွင်း လူငယ်ကွန်ယက်မှ ကိုကျော်သက်ဝင်းက ပြောသည်။
FLEGT စီမံချက်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံ အကြားတွင် အပြန်အလှန်ကုန်သွယ်မှု သဘောတူညီချက်ကို ခိုင်မာလာအောင်ပြုလုပ်ရန် ဖြစ်ပြီး မြန်မာနိုင်ငံတွင် FLEGT နှင့် ပတ်သက်ပြီး ဆွေးနွေးသုံးသပ်လာနိုင်ရန် အရပ်ဖက်လူ့အဖွဲ့အစည်းများကို လှုံ့ဆော်သွားမည်ဖြစ်သည်။
FLEGT သည် တရားမဝင် သစ်ရောင်းဝယ်ခြင်းကို ကာကွယ်ရန်နှင့် သစ်တောနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် စီမံခန်ခွဲမှုရှိမရှိကို စောင့်ကြည့်သည့် အဖွဲ့ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါအဖွဲ့မှ စီမံကိန်းနှင့် ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းများကို အသိပညာပေးသောအဆင့်တွင်သာရှိသေး ကြောင်း၊ FLEGT အနေဖြင့် အစိုးရနှင့် အီးယူ အကြား နားလည်မှု လက်မှတ်မထိုးမီ အချိန်သုံးနှစ်နှင့် စီမံကိန်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း စိမ်းလန်းအမိမြေအဖွဲ့မှ ဥက္ကဌ ဦးဝင်းမျိုးသူကပြောသည်။
“FLEGT စီမံကိန်းလုပ်ပြီးလို့ အီးယူနဲ့ သဘောတူသွားရင်တော့ မြန်မာနိုင်ငံက သစ်တောနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကို အီးယူကို တရားဝင်ပို့လိုရသွားမှာပေါ့။ သစ်ဈေးလည်း ပိုရသွားမယ်။ ဒါပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်၊ တနသာင်္ရီတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့မှာပဲ လုပ်မှာဆိုတော့ သဘောထားနည်းနည်း ကွဲလွဲနေတာလေးရှိတယ်။ ဒါ့အပြင် ဒီစီမံကိန်းက အရပ်ဖက်အဖွဲ့အစည်းက တကယ်လုပ်နိုင်တဲ့ သူတွေနဲ့ အစိုးရနဲ့ ပူးပေါင်းရမှာဆိုတော့ စစ်မှန်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပါဖို့လိုပါတယ်”ဟု ၎င်းကဆိုသည်။
FLEGT စီမံကိန်းတွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော EIA (Environmental Investigation Agency) , EFI (European Forest Institute), EU (European Union) နှင့် DCA ( Dan Church Aid ) တို့နှင့် မြန်မာနိုင်ငံမှ MATA (Myanmar Alliance For Transparency and Accountability) တို့မှ ပါဝင်မည်ဖြစ်သည်။
No comments:
Post a Comment