Thursday, July 3, 2014

ထီးပွင့်ကန်ကို မွမ်းမံပြင်ဆင်ပြီးနောက် ယခင်ကလောက် ထီးမပွင့်တော့ ဟုဆို

ဦးမြာ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ငွေတောင်ဆည်၏ အရှေ့တောင်ဘက်တွင် တည်ရှိသော ထီးပွင့်ကန်တော်ကြီးကို ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ပြင်ဆင်ပြီးသည့်နောက်ပိုင်း ယခင်ကဲ့သို့ ထီးမပွင့်တော့ကြောင့် ဒေသခံများက ကန္တာရ၀တီတိုင်း(မ်) သို့ဆိုသည်။

“သူတို့ လာပြီးတော့ ပြုပြင်ပြီးတဲ့နောက်ပိုင်းမှာဆိုရင် ထီးက လုံးဝမပွင့်တော့ဘူး။ ကျနော်တို့က ရိုးရာအတိုင်း ပြန်ပြီးတောင်းပန်တယ်။ ဒီကန်ကို စောင့်တဲ့ပုဂ္ဂိုလ်ကိုပေါ့။ နောက်ပြီး ထီးတော့ ပြန်ပွင့်လာပါတယ်။ ဒါပေမဲ့ အရင်တိုင်း မဟုတ်တော့ဘူးလေ။ သေးသေးလေးဘဲ ပွင့်တော့တယ်။ ပြီးတော့ ပွင့်လာတာလည်း တစ်ပွင့်၊ နှစ်ပွင့် အဲလောက်ဘဲ ပွင့်လာတော့တယ်လေ” ဟု ဒေါကလိုးခူ ရွာမှ ခူတူရယ် ကပြောသည်။

ယခု ၂၀၁၄ ခုနှစ်အတွင် ကယားပြည်နယ်၏ အထင်ကရ သမိုင်းဝင်နေရာဖြစ်သော ထီးပွင့်ကန်သို့ လာရောက်လည်ပတ်ကြသူ များပြားလာသော်လည်း ကန်အတွင်းမှ ထီးပွင့်မှု နည်းပါးလာခြင်းကြောင့် ဧည့်သည်များ အားမလိုအားမရဖြစ်နေကြကြောင်း သိရသည်။

လွိုင်ကော်မှ ထီးပွင့်ကန်ကို လာရောက်လည်ပတ်သည့် ခရီးသည်တစ်ဦးကလည်း “ကျနော်ကတော့ သဘာဝကိုဘဲကြိုက်တယ်၊ ချစ်မြတ်နိုးတယ်၊ အခုလိုပြုပြင်တာတော့ ကောင်းပါတယ် ဒါပေမဲ့ ယခုထက် သဘာဝကိုပိုကြိုက်တယ်။ ပိုပြီးတော့ ထိရောက်မှုရှိတယ်” ဟု ပြောသည်။

ထီးပွင့်ကန်ကို ပြည်နယ်အစိုးရမှ နိုင်ငံခြားခရီးသွားလုပ်ငန်း တွင် နိုင်ငံခြားသားများအား ဆွဲဆောင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်ဦးပိုင်းတွင် ပြင်ဆင်မွမ်းမံခြင်းများပြုလုပ်ခဲ့ပြီး လာရောက်လည်ပတ်သူများ နားနေနိုင်ရန် ဇရပ်နှင့် ထိုင်ခုံတန်းများ တည်ဆောက်ပေးခဲ့သည်။

ထီးပွင့်ကန်ကို စောင့်ကြည့်ထိန်းသိမ်းပေးသူ ဒေသခံ ခူးတူရယ်က “ဒီကန်က ရိုးရာနဲ့နေလာတာဆိုတော့ ခရီးသည်များက စည်းကမ်းလိုက်နာပြီး လည်ပတ်ပေးပါ၊ ပြီးတော့ အမှိုက်များကိုလည်း စနစ်တကျ စွန့်ပစ်ပေးပါ၊ အတူတကွ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှသာ တိုးတက်ပြီး သာယာလှပလာမှာ ဖြစ်တယ်”ဟု ဆက်ပြောသွားပါသည်။

ထီးပွင့်ကန်တော်ကို ကိန္နရီခုနှစ်ဖော် ရေကစားသည့် (ဘုတ်တလုတ်ကန်) ဖြစ်ပြီး ဒွေးမယ်နော်နှင့် သုဓနုမင်းသားတို့ ယခုအချိန်အထိ ကယားလူမျိုးတို့၏ ဘိုးဘွားများ ရှိနေကြသည်ဟု ဒေသခံများက ယုံကြည်ကြခြင်းဖြစ်သည်။

နာမည်ကြီးပြီး ရှေးခေတ်နှစ်များစွာကပင် ထီးပွင့်ကန်ကို ကယားလူမျိုးတို့သည် အမြတ်တနိုးထားကာ ကန်ဘောင်တွင် တံခွန်တိုင်များစိုက်ထူခြင်းများ ပြုလုပ်ထားကြသည်။

ထီးပွင့်ကန်သည် ဘူမိဗေဒသဘောအရ ရှေးအခါက မြေပြင်အနီးကပ်ဖြစ်ထွန်းလာသည့် မီးတောင်ဟောင်း ဖြစ်ကြောင်း ထီးပွင့်ကန်တော်၏ ဖြစ်တော်စဉ်ဖော်ပြထားချက်အရ သိရသည်။

No comments: