Saturday, August 30, 2014

အပစ်ရပ်မူကြမ်းပါ အချက်အချို့ " ဝ " တပ်မတော် သဘောမတူ

နန်းလွင်နှင်းပွင့်

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးနေသည့် အပစ်ရပ်မူကြမ်းပါ အချက်အလက်အချို့အား “ဝ” သွေးစည်းညီညွှတ်ရေး တပ်မတော်အနေဖြင့် သဘောတူညီခြင်း မရှိဟု "ဝ" သွေးစည်းညီညွတ်ရေးတပ်မတော် ၊ အထူးဒေသ (၂)မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က သြဂုတ် ၂၈ရက်က ပြောသည်။

“ဆွေးနွေးပွဲက မူတွေက ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက်၊ အားလုံးအတွက် တောင်းဆိုတာမို့ လက်ခံတယ်၊ သဘောတူတယ်၊ ဒါပေမယ့် အချို့အချက်တွေက အခုနိုင်ငံရေးအခြေခံနဲ့ မတူတာတွေ ရှိတယ်၊ နိုင်ငံရေးစကားအရဆို ပြောရင်လွယ်တယ်၊ ဖြေရှင်းရခက်တယ်၊ ဒီလိုကိစ္စတွေ အများကြီးရှိနေတယ်" ဟု ဦးအောင်မြင့်က ပြောသည်။

အပစ်ရပ်မူကြမ်းပါ လက်မခံနိုင်ရသည့် အချက်များနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းခဲ့ရာ အသေးစိတ်ပြောဆိုခြင်း မရှိသော်လည်း ဖက်ဒရယ်တပ်မတော်ကိစ္စနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို လက်ခံနိုင်ခြင်း မရှိဟုသာ ပြောဆိုသည်။

“ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နဲ့ ပတ်သက်ပြီး သူတို့ဆွေးနွေးတဲ့စာတမ်းမှာ ပါတာ စစ်သေနာပတိချုပ် နေရာမှာ တိုင်းရင်းသားတွေ အလှည့်ကျလုပ်ရမယ် ဆိုတာက ဖြစ်နိုင်သလား၊ ဒါတွေကို တင်းတင်းမာမာ ဆွေးနွေးနေတာ မကြိုက်ဘူး၊ ပြေလည်အောင် ကိုယ့်မူနဲ့ကိုယ်ညှိရမယ့် အပိုင်းတွေရှိတယ်"ဟု ဦးအောင်မြင့်က ပြောသည်။

NCCT အနေဖြင့် တင်းတင်းမာမာ ညှိနှိုင်းနေသည့် အချက်အလက်အချို့မှာ လက်ရှိ နိုင်ငံရေး အခြေအနေနှင့် အလှမ်းကွာဝေးလွန်းသဖြင့် လက်မခံနိုင်ခြင်းဟု ၎င်းက ဆိုသည်။ အပစ်ရပ်မူကြမ်းနှင့်ပတ်သက်၍ အစိုးရဘက်နှင့် NCCT ဘက်မှ ဆွေးနွေးပွဲပြီးသည့် အကြိမ်တိုင်းတွင် အချက်အလက်များအား တောင်းယူ လေ့လာသော်လည်း “ဝ"တပ်မတော်ခေါင်းဆောင်များ အနေဖြင့် မြန်မာစာဖတ်ရန် အခက်အခဲရှိ၍ လေ့လာရန် ခက်ခဲ့သည်ဟု ဦးအောင်မြင့်က ဆိုသည်။

" ဝ" တပ်မတော် ထိန်းချုပ်ထားသည့် နယ်မြေများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသများဖြစ်ပြီး ရှမ်း၊ အာခါ၊ လွယ်၊ ကိုးကန့်စသည့် လူမျိုးများ နေထိုင်ကြသည်။ အဓိက ဘာသာစကားများမှာ ဝ၊ ရှမ်း၊ တရုတ် တို့ဖြစ်သည်။

“ ဝ”တပ်မတော်အနေမှ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးနှင့် ပတ်သက်၍ သဘောထားသီးသန့် မရှိသော်လည်း ဒေသလုံခြုံရေး၊ ဖွံ့ဖြိုးရေးပိုင်းနှင့် တည်ငြိမ်ရေးပိုင်းကိုသာ ဦးတည်မည်ဟု ဆိုသည်။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ထိထိရောက်ရောက် ပါဝင်ပြောဆိုခြင်း မရှိသည်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ပြောဆိုလာမည်ဟုလည်း ဆိုသည်။

ဝ တပ်မတော်သည် အစိုးရနှင့် ၁၉၈၉ ခုနှစ် ၊ မေလ ၉ ရက်တွင် ပဏာမ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့သည်

No comments: