Saturday, August 30, 2014

ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းတွင် မြေပြိကျမှုကြောင့် အိမ်ခြေများပျက်စီးကာ လူသေပျောက်မှုရှိ

စဖန်းရှောင်း

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်းတွင် တောင်ကျရေစီးဆင်းကာ မြေ ပြိုမှုကြောင့် ဒုက္ခသည်များနေထိုင်ရာ အိမ်ခြေအလုံး ၁၀၀ကျော် ပျက်စီးပြီး လူ ၁ဦးသေ၊ ၁ဦး ပျောက်ဆုံးနေသည်ဟု ယင်းဒုက္ခ သည်စခန်း တာဝန်ရှိသူများက ပြောဆိုသည်။

ကရင်နီအမှတ်(၁) ဒုက္ခသည်စခန်း ဥက္ကဌ ဆရာမ မိုးဘူးက “အမှတ်(၁)ဒုက္ခသည်စခန်းမှာ ဒီနှစ်ရေကြီးတာ ပျက်စီးမှု အများဆုံး ပဲ။ ပျက်စီးဆုံးရှုံးမှုတွေကို စခန်းတာဝန်ရှိသူတွေက ဆက်လက် စာရင်းကောက်ယူနေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သြဂုတ်လ ၂၆ရက် ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်း၍ တောင်ကျရေများ စီးကျကာ မြေပြိုကျခဲ့ခြင်းဖြစ်ပြီး လက်ရှိရရှိသည့် စာရင်းအရ နေအိမ် ၂၅လုံးမှာ လုံးဝ ပျက်စီးသွားကာ ၉၈လုံးမှာ အတန်အသင့် ပျက်စီးမှုရှိကြောင်းနှင့် အသက် (၂၉)နှစ်အရွယ် ခူးတေးရယ် သေဆုံးပြီး အသက်(၅၅)နှစ်အရွယ် ခူးတော်ရယ်မှာ ယခုအချိန်ထိ ပျောက်ဆုံးလျှက်ရှိသည်။

ရေကြီး၍ မြေပြိုရာတွင် အိမ်ခြေတစ်ရာကျော်အပြင် ကရင်နီအမှတ်(၁)စခန်း၊ ဇုံ-ဘီအတွင်းရှိ ရပ်ကွက် ၁၊ ၃၊ ၁၀၊ ၁၁၊ ၁၂၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ တို့မှ ဆေးပေးခန်း၊ စာသင်ကျောင်းများပါ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး နေအိမ်ပျက်စီး၍ အရေးပေါ်အကူအညီ လိုအပ်နေ သူ ဒုက္ခသည် ၈၀၀ကျော်ကို စခန်းတာဝန်ရှိသူများနှင့် စခန်းအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း(NGOs)တို့က စားနပ် ရိက္ခာနှင့် သောက်ရေသုံးရေများအတွက် ရေပေးဝေရေး အစီအစဉ်များ၊ အပျက်အစီးများ ရှင်းလင်းခြင်း၊ အကူအညီများ ထိထိ ရောက်ရောက်ပေးနိုင်ရန် လမ်းပြုပြင်ပေးခြင်းများ စသည့် အရေးပေါ်ကူညီမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“အခု လောလောဆယ်မှာ ဒုက္ခရောက်နေသူတွေအတွက် ငါးရက်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အ၀တ်အထည် စတာတွေကို ပေးထား ပါတယ်။ ဆန်ကတော့ လူတစ်ဦးကို ၂ကီလိုနှုန်းနဲ့ အကူအညီပေးထားပါတယ်”ဟု အကူအညီပေးနေမှုများနှင့် ပတ်သက်ပြီး ဆရာမမိုးဘူးက ဖြည့်စွက်ပြောဆိုသည်။

အိုးအိမ်ပျက်စီးသွားသူများသည် လက်ရှိ စခန်းအတွင်း မြေမြင့်ပိုင်းရှိသည့် ဆွေမျိုးများနှင့် နီးစပ်ရာ အသိမိတ်ဆွေနေအိမ်များ တွင် ခိုလှုံနေကြရပြီး ၎င်းတို့၏ နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် ဒုက္ခသည်များကို ကူညီပေးနေသည့် နယ်စပ် တစ်လျှောက်အကူအညီပေးရေးညွှန့်ပေါင်းအဖွဲ့(TBC) နှင့် တိုင်ပင်ကာ လုပ်ဆောင်သွားမည်ဟု စခန်းတာဝန်ရှိသူများက ဆို သည်။

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ခုရှိသည့်အနက် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)ကို ၁၉၉၂ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး ယခုအချိန်တွင် အိမ်ခြေ ၂,၅၉၆လုံးနှင့် လူဦးရေ ၁၁,၈၇၀ဦးရှိကြောင်း စခန်းတာဝန်ရှိသူများ၏ ပြုစုထားသော စာရင်းများအရ သိရှိရသည်။

No comments: