Saturday, August 30, 2014

ပုဂ္ဂလိကစိုက်ခင်းများ ထူထောင်ရန် သစ်တောမြေဧက သုံးသိန်းကျော်ကို တင်ဒါစနစ်ဖြင့် ခွင့်ပြုမည်

နိုင်နိုင်ဇော်

မြန်မာ့သစ်တော သယံဇာတ တိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပိုင်မြေဧက သုံးသိန်းကျော်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးရန်စီ စဉ်လျက်ရှိသည်ဟု သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းဦးစီးဌာနက ပြောသည်။

သစ်လုံးတင်ပို့မှု ရပ်ဆိုင်းပြီးနောက်ပိုင်း သစ်ကုန်ကြမ်း လိုအပ်ချက်များရှိလာနိုင်ပြီး လုပ်ငန်းရှင်များ၏ ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်လိုမှုများရှိလာခြင်းကြောင့် ၀င်ရောက်ရင်းနှီးလုပ်ကိုင်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

သစ်တောစီမံကိန်း ညွှန်ကြားမှုဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးညွန့်ဝေက “ပုဂ္ဂလိက လုပ်ငန်းရှင်တွေ သစ်တောကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်လာဖို့ ရည်ရွယ်တာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သစ်တောဝန်ကြီးဌာန ထိန်းသိမ်းထားတဲ့ မြေတွေထဲက လုပ်ပိုင်ခွင့်ပေးတာပါ။ အားလုံးကို တင်ဒါစနစ်နဲ့ ပေးသွားမှာပါ။ တစ်နေရာတည်းမှာပဲ ဧက သုံးသိန်းကျော်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုပေါင်းပြီး လျာထားတာပါ”ဟု ဆိုသည်။

ပုဂ္ဂလိကသစ်မာစိုက်ခင်းများကို ၂၀၀၅ ခုနှစ်တွင် ထူထောင်ရန် လုပ်ငန်းရှင်များအား ချထားပေးခဲ့သော်လည်း အမှန်တကယ် စိုက်ပျိုးခြင်းမရှိသည့်အတွက် ပြန်လည်သိမ်းယူထားသည့် သစ်တောစိုက်ခင်းများလည်းပါဝင်ပြီး ယခုနှစ် စက်တင်ဘာလလောက်၌ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ချပေးထားမည်ဟု ဆိုသည်။

ယခုအချိန်တွင် သစ်မာစိုက်ခင်း ၁၀၀ နှင့် ကျွန်းစိုက်ခင်း ၅၀၀ ကို ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ချထားပေးပြီး နှစ်နှစ်အတွင်း စိုက်ခင်းထူထောင်ရန် သတ်မှတ်ထားသည်ဟု ဆိုသည်။

သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက “ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွေ ထူထောင်ဖို့ ခွင့်ပြုတာကောင်းပေမယ့် နဂိုမူလ တန်ဖိုးကြီးသစ်တောတွေရှိတဲ့နေရာတွေ ရှင်းပြီး စိုက်တာမျိုးမဟုတ်ဘဲ တခြားလွတ်တဲ့မြေနေရာတွေမှာ ခွင့်ပြုနိုင်ဖို့လိုတယ်။ ရှိပြီးသားတွေကို ရှင်းပြီးပြန်စိုက်တာဆိုရင် သစ်တောပြုန်းတီးစေနိုင်တယ်”ဟု ဆိုသည်။

ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးမည့် သစ်တောမြေများကို စိုက်ခင်းထူထောင်ရန်အတွက်သာ ခွင့်ပြုခြင်းဖြစ်ပြီး မြေအမျိုးအစားအလိုက် သင့်လျော်သောစိုက်ခင်းများကို ထူထောင်ခွင့်ပြုမည်ဖြစ်သည်။

ပုဂ္ဂလိကသစ်မာစိုက်ခင်းများကို ၂၀၀၅ ခုနှစ်တွင် ထူထောင်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၀၆ ခုနှစ်တွင် ထူထောင်ခွင့်ပြုခဲ့ရာ စုစုပေါင်း စိုက်ခင်းဧရိယာ ၅၀,၀၀၀ ကျော်အထိရှိသည်ဟု သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

No comments: