Saturday, August 30, 2014

စိုက်ခင်းသွားသူ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ ငါးရက်ကြာမှ ဆင်နင်းခံရပြီး သေဆုံးမှန်းသိ

ဖြိုးဝေလင်း

နှမ်းစိုက်ခင်းတွင် ညအိပ်စောင့်ရန် နေအိမ်မှ သြဂုတ် ၁၃ ရက်က ထွက်သွားသူ ပြန်မလာဖြင့် လိုက်လံရှာဖွေရာ ငါးရက်ကြာမှ ဆင်နင်းခံရပြီး သေဆုံးနေမှန်း သိခဲ့ရသည့် ဖြစ်စဉ်တစ်ခု အောင်လံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အောင်လံမြို့နယ်၊ ငလောက် ကျေးရွာတွင်နေထိုင်သည့် အသက် (၃၃)နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးသည် သြဂုတ် ၁၃ ရက်က ဆင်ဟုန်ကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ နှမ်းခင်းသို့ ညအိပ်စောင့်ရန်အတွက် ထွက်သွားခြင်း ဖြစ်သည်။

ယင်းသို့ နှမ်းစိုက်ခင်းသို့ ထွက်သွားခဲ့ပြီးနောက်ပိုင်း နေအိမ်သို့ ပြန်မရောက် လာသဖြင့် လိုက်လံရှာဖွေရာ ငါးရက်မြောက်သည့်နေ့တွင် နှမ်းခင်းမြောက်ဘက်ရှိ လျှိုထဲတွင် ဆင်နင်းခံရပြီး သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

၎င်းဆင်နင်းခံရသည့်လျှိုမှာ မကွေးတိုင်း၊ အရှေ့ရိုးမ သစ်တောကြိုးဝိုင်း၊ အကွက် (၄၉)၊ ၀ါးကြီးမြောင် စခန်းအနီးတွင်ဖြစ်ပြီး ဆင်နင်းခံရသဖြင့် အဆိုပါအမျိုးသားတွင် ဦးခေါင်းပြား၊ ရင်ကွဲကျိုးကြေ၊ ယာပေါင် ကျိုးဒဏ်ရာများရရှိကာ သေဆုံးနေခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေပန်း တောနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၄) ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိသည်။

No comments: