Friday, August 29, 2014

မူဝါဒကြိုက်၍ ပါတီပြောင်းဟု ကျားဖြူပါတီဝင်ဟောင်း အချို့ဆို

ရွှေရည်ဝင်းထက်

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) ၀င်များသည် ကျားခေါင်းပါတီ(ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) မူဝါဒကို ကြိုက်နှစ်သက်၍ ကူးပြောင်းခြင်းဖြစ်သည်ဟု ကာယကံရှင် ဦးစိုင်းဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

“ဟိုးအရင်က ကျားခေါင်းပါတီက အကြောင်းအမျိုးမျိုးကြောင့် ပါတီက မရပ်တည်နိုင်လို့ ကျွန်တော်တို့က ကျားဖြူကို ၀င်ခဲ့တာပါ။ ကျွန်တော်တို့က ကျားခေါင်းပါတီကို ပိုသဘောကျတယ်၊ သူတို့ရဲ့မူဝါဒနဲ့ ရပ်တည်ချက်ကို သဘောကျလို့ ပြောင်းတာပါ။ ကျွန်တော်တို့က ပင်လုံမူဝါဒကို လက်ခံလို့ပါ။ နောက်ပြီး ၂၀၀၈ အခြေခံဥပဒေကိုလည်း မကြိုက်ဘူး”ဟု ၎င်းက ဆိုသည်။

လားရှိုးမြို့နယ်မှ ပါတီဝင် ၃၈ ဦး ကျားခေါင်းပါတီသို့ ကူးပြောင်းသွားသည်ဟု မြို့နယ်ကျားဖြူပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်သူ ဦးစိုင်းစံမင်းက အတည်ပြုသည်။

“ကျွန်တော်တို့ ပါတီနဲ့ ဘာပဋိပက္ခမှရှိလို့ မဟုတ်ဘူး။ နဂိုကတည်းက ကူးပြောင်းသွားတဲ့ပါတီမှာ သူ့တို့ရဲ့ သားသမီးတွေရှိတယ်။ သူ့မိဘက သူ့ကလေးရှိတဲ့နေရာကို သွားတဲ့သဘောပါပဲ။ ကျွန်တော်တို့ ပါတီအနေနဲ့ ဘာထိခိုက်မှုမှ မဖြစ်ပါဘူး”ဟု ၎င်းက ဆိုသည်။

ပါတီကူးပြောင်းသွားသူများမှာ လားရှိုးမြို့နယ် ကျားဖြူပါတီ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှူဆောင် သုံးဦး အပါအ၀င် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများဖြစ်သည်ဟု ဦးစိုင်းစံမင်းက ဆိုသည်။

ကျားခေါင်းပါတီ၏ ရုံးအဖွဲ့မှူး ဦးစိုင်းရွှေကြိုးက “ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး ပေါင်းစည်းနိုင်ရေးကို ကြိုးစားနေဆဲပါ”ဟု ပြောသည်။

ကျားခေါင်းပါတီသည် ကျားဖြူပါတီနှင့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်၌ ပါတီပေါင်းရန် ကမ်းလှမ်းထားသော်လည်း အကောင်အထည်မပေါ်သေးပေ။

No comments: