Saturday, August 30, 2014

လွှတ်တော်တွင် တင်သွင်းသည့်အဆိုများကို တာဝန်မယူ၍ ရန်ကုန်အစိုးရအဖွဲ့ကို အမတ်များ ဝေဖန်

မင်းဟိန်းထက်

ပြည်သူလူထုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လွှတ်တော်တွင် အဆိုများ တင်သွင်းရာ၌ အစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တာဝန်မယူဘဲ အဆိုအများစုကို လွှတ်တော်တွင် မှတ်တမ်းတင်ရန်သာ လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းလွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ပြည်သူလူထုက အယုံအကြည်မရှိဖြစ်စေရန် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေသည်ဟုလည်း ၎င်းတို့က ဝေဖန်ကြသည်။

“နိုင်ငံတော်သမ္မတကြီးက ဒီမိုကရေစီ တတိယလှိုင်းအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို အာရုံစိုက်နေတဲ့အချိန်မှာ အဆိုတော်တော်များများကို အတည်ပြုမခံဘဲ လွှတ်တော်မှာ ဆွေးနွေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းပဲ တင်နေတယ်။ အတည်ပြုတယ်ဆိုမှ အစိုးရအဖွဲ့က မဖြစ်မနေလိုက်လုပ်ကြမှာ”ဟု ဗဟန်းမဲဆန္ဒနယ် အမှတ်-၂ အမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်တွင်း မေးခွန်းများ၊ အဆိုများကို ပြန်လည်ဖြေရှင်းရာတွင် တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာတော့ အစိုးရက စာမေးပွဲအောင်တယ် ပြောရမှာပေါ့။ အဖြေ ၆၀ ရာခိုင်နှုန်းလောက် ကျေနပ်တယ်။ အဆိုးရွားဆုံးက ပြီးခဲ့နှစ်ပါ။ မေးခွန်းဖြေဆိုနိုင်မှုက ၄၀ ရာခိုင်နှုန်းတောင် မရှိဘူး။ အဆို ၉၀ ရာခိုင်နှုန်း လောက်ကို မှတ်တမ်းပဲတင်ခဲ့တယ်”ဟု ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။

သို့သော် အမတ်များ တင်သွင်းလာသည့် အဆိုများမှာ အစိုးရအဖွဲ့က ချက်ချင်းဆောင်ရွက်၍ မရနိုင်သည့် ကိစ္စများဖြစ်နေ၍ လွှတ်တော်တွင်း မှတ်တမ်းအဖြစ်ထားရန် တိုက်တွန်းရခြင်းဟု ယူဆကြောင်းနှင့် အစိုးရအဖွဲ့၏ လတ်တလောဆောင်ရွက်ချက်များကို လက်ခံနိုင်သည့် အနေအထားတွင်ရှိကြောင်း ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်အမတ် ဦးနေမျိုးအောင်က ဆိုသည်။

“အဆိုကို အတည်ပြုပြီဆိုရင် လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ကျိန်းသေ လုပ်ကို လုပ်ရတော့ ယ်။ တင်လာတဲ့အဆိုက ချက်ချင်းလုပ်လို့ လွယ်လား။ နောင်လုပ်မှ အဆင်ပြေမလားရှိသေးတယ်။ မှတ်တမ်းတင်လိုက်လို့ အချည်းအနှီးမဖြစ်ပါဘူး”ဟု ၎င်းက ပြောသည်။

၎င်းက သြဂုတ် ၂၇ ရက် ရန်ကုန်တိုင်းလွှတ်တော်တွင် ဆွေးနွေးသွားသည့် မြို့နယ်များတွင် အိမ်ငှားခ ထိန်းချုပ်ရေးအဖွဲ့များဖြင့် ဆောင်ရွက်ရန် အဆိုနှင့် ရန်ကုန်တိုင်းအတွင်း အားကစားပွဲများ ကျင်းပပေးရေး၊ မြို့နယ်အားလုံးတွင် ဘောလုံးကွင်းကြီးများတည်ဆောက်ပေးရေး အဆိုများသည် အစိုးရက ချက်ချင်း ဆောင်ရွက်၍ မရနိုင်သော အဆိုများအဖြစ် ယူဆကြောင်း ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)အမတ် ဦးကျော်က လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့ဆန္ဒကို လွှတ်တော်မှ အကောင်အထည်ဖော်နိုင်ရန် အမတ်များက လိုက်နာဆောင်ရွက်ပေးသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူ့ဆန္ဒများကို တာဝန်ယူဆောင်ရွက်ပေးရန် ရှောင်လွှဲနေခြင်းဖြစ်ကြောင်း ပြောသည်။

“စာရွက်ပေါ်မှာ ရေးတဲ့ မှတ်တမ်းဆိုတာ အသက်မ၀င်ပါဘူး။ မှတ်တမ်းတွေပဲ တင်နေရင် အစိုးရကို ပြည်သူရဲ့ ယုံကြည်မှုတွေ လျော့သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော် န၀မပုံမှန်အစည်းအဝေး စတင်ကျင်းပခဲ့သည့် သြဂုတ်လ ၂၂ ရက်မှ ၂၅၊ ၂၆၊ ၂၇ ရက်အထိ လေးရက်တာအတွင်း အမတ်များက တင်သွင်းလာသည့်အဆိုများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က မည်သည့်စီမံကိန်းများဖြင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါမည်ဟု ကတိက၀တ်ခံ အတည်ပြုပေးခဲ့ခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းလွှတ်တော် ပထမအကြိမ်မှ ယခုပြုလုပ်နေဆဲဖြစ်သည့် န၀မအကြိမ်အထိ အစည်းအဝေး ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး မေးခွန်းပေါင်း ၁,၆၀၆ ခု မေးမြန်းခဲ့ရာတွင် ၆၀၁ ခုကို လွှတ်တော်ကျင်းပနေစဉ် ပြန်လည် ဖြေဆိုခဲ့သည်။

No comments: