Friday, August 29, 2014

နိုင်ငံသားစိစစ်နေစဉ် မြေပုံမြို့ ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၂ဝ ကျော်ထွက်ပြေး

ကေဇူး

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ ဒုက္ခသည် စခန်းတွင် လူစိစစ်နေစဉ် ဒုက္ခသည် ၁၂ဝ ဦး ထွက်ပြေးခဲ့သည်ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မဇ္ဈိမကို ပြောသည်။

၎င်းဒုက္ခသည်များသည် သြဂုတ်လ ၂၇ ရက်က ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ပေါက်တောမြို့နယ် အနီးရှိ ရေတပ်စခန်း မှ ကင်းလှည့်ရေယဉ်က ဖမ်းဆီးမိထားခြင်းဖြစ်ပြီး ပေါက်တော အုပ်ချုပရေးမှူးရုံးသို့ လွှဲပြောင်းထားသည်ဟုဆိုသည်။

“ပေါက်တော ဒုက္ခသည်စခန်းကို ပြန်လွဲထားတယ်”ဟု ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ဦးသက်ထွန်းကဆိုသည်။

မြေပုံဒုက္ခသည်စခန်းမှ ထွက်ပြေးလာသူများတွင် အမျိုးသား ၆၆ ဦး ၊အမျိုးသမီး ၂ဝ ဦး၊ ကလေး ၃၄ ဦးတို့ဖြစ်သည်။

မြေပုံမြို့နယ်တွင် ဒုက္ခသည် စိစစ်ခြင်းနှင့်ပတ်သက်၍ သြဂုတ် ၂၅ ရက်က ကုလသမဂ္ဂအကြံပေးကိုယ်စားလှယ် မစ္စတာနမ်ဘီယား က သွားရောက်ကြည့်ရှုခဲ့သေးသည်။

ရခိုင်ပြည်နယ် ရေကြောင်းလုံခြုံရေးနှင့်ပတ်သက်၍ ရေကြောင်းတပ်ဖွဲ့များတိုးချဲ့ ချထားမည်ဟု ပြည်နယ် အစိုးရ အဖွဲ့က သြဂုတ်လ အတွင်းက ပြောကြားထားသည်။

၂ဝ၁၃ နိုဝင်ဘာလ က ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား တရားမဝင်သွားရောက်ခဲ့သော ဘင်္ဂလီ ၇ဝ ဦးပါ သင်္ဘောတစ်စီး ပင်လယ်ပြင်အတွင်း တိမ်းမှောက်ရာ လူ ၆ဝ ကျော် ပျောက်ဆုံးပြီး ၈ ဦးကို ရခိုင်ကမ်းရိုးတမ်းတွင် တွေ့ရှိခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြခဲ့သေးသည်။

ထိုသတင်းကိုမူ ရခိုင်ပြည်နယ် အစိုးရက အတည်မပြုခဲ့ပေ။

No comments: