Friday, August 29, 2014

ကရင်နီဒုက္ခသည်စခန်းမိုးရေကြီးမှု ၁ ဦးသေ ၁ ဦးပျောက်ဆုံးနေဆဲ

စူးမယ်၊ ကူးဒူ

ကရင်နီစစ်ပြေးဒုက္ခသည်များ ယာယီခိုလုံနေထိုင်ကြသည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ နယ်စပ်ဒုက္ခသည်စခန်းမှာ ညအချိန် ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့အတွက် တဦးသေဆုံးပြီး နောက်တဦးပျောက်ဆုံးနေကြောင်းသိရသည်။

သဂုတ်လ ၂၆ရက်နေ့ညက မိုးရေကြီးမှုကြောင့် စခန်းတွင်းက ဆေးပေးခန်းများရေမြုပ်ပြီး လူနေအိမ်များရေထဲမျောပါသွားခဲ့ခြင်းဖြစ်သည်။

“စခန်းအပြင်မှာသွားပြီး ထိခိုက်နစ်နာနေတဲ့သူကို အခုချိန်မှာ ဘယ်သူဘယ်ဝါ တိတိကျကျ ကျမတို့မပြောနိုင်သေးဘူး။ နစ်နာတာက တစ်ယောက်လို့ကျမတို့ကြားထားပေမယ့် သူတို့က ကျမတို့ကို နှစ်ယောက်လို့ပြောပါတယ်။ တစ်ယောက်က တွေ့ပြီ ကျန်တယောက်က မတွေ့သေးဘူး အခုချိန်ထိ သူတို့ရှာနေတုန်းပဲပေါ့”ဟု စခန်းကော်မီတီဥက္ကဌ မော်မိုးဘူးကပြောသည်။

မယ်ဟောင်ဆောင်မှ ထိုင်းစစ်တပ်နှင့်ကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းရှာဖွေမှုကြောင့် ၅၅နှစ်အရွယ်ခူးဘူးရယ်နှင့်အသက် ၂၀အရွယ်ခူးဆောင်ရယ်တို့ကို သက်ရှိထင်ရှားပြန်လှည်တွေ့ရှိခဲ့ပြီး အသက် ၄၀အရွယ်ခူးဒေးရယ်၏အလောင်းကိုပါတွေ့ရှိခဲ့သည်။ ပျောက်ဆုံးနေဆဲဖြစ်သည့် အသက် ၅၅နှစ်အရွယ် ခူးတူရယ်အား သြဂုတ်လ ၂၈ရက်နေ့တွက်ဆက်လက်ရှာဖွေနေကြသည်။

“အများအားဖြစ် ကတော့ ဘီဒိုနဲစာရွက်စာတမ်းတွေနဲဆေးဝါ တွေကိုဆုံးရှုံးသွားရတယ် ပျက်စီးသွားကုန်တယ်. ဆေးခန်းမှာကအတွင်းလူနာနစ်ယောက် သုံးယောက် လောက်တော့ ရှိတာပေါ့လေးနော် သူတို့လဲအိပ်ပျော်နေကုန် တယ် အဲတာကညကျူတီကျတဲ့ ဆရာမတွေကလူနာတွေကိုတုတ်ချောင်းလေးတွေနဲလူနာကို ပြန်ဆွဲထုတ်နိုင်ခဲ့ပါတယ်” ဟု စခန်းဆေးပေးခန်းမှ ဆရာမယ်ရယ်ကပြောသည်။

TBC ၏၂၀၁၄ခုနှစ် ထုတ်ပြန်ထားချက်အရ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း ၂ နှစ်ခုလူဦးရေစုစုပေါင်း ၁၄၆၉၉ ဦးရှိသည်။

ရေပြန်ကျသွားပြီးနောက် သြရုတ်လ ၂၇ရက်နေ့မှာ ပျက်စီးဆုံးရှုံးသွားသည့် ဆေးပေးခန်း၊ ဘော်ဒါဆောင်၊ အမျိုးသမီးဂေဟာ၊ လူနေအိမ်များ၊ လမ်း၊ တံတားနှင့် ရေဘေးသင့်သူများကိုကူညီနိုင်ရန် စခန်းကော်မီတီနှင့် အဲန်ဂျီအိုအဖွဲ့အစည်းများ အရေးပေါ်အစည်းအဝေးတရပ်ပြုလုပ်သွားသည်။

ဒုက္ခသည်စခန်းအတွင်း ယခုရေကြီးမှုသည် ၁၀နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုကြောင်း ဒုက္ခသည်များကဆိုသည်။

No comments: