Friday, August 29, 2014

ဆိုင်ကယ်ဦးထုပ်မဆောင်း၍ ဒဏ်ကြေးဆောင်ရမှု ကန့်ကွက်ဆန္ဒပြသူ အမိန့်ချခါနီး ထပ်မံဆန္ဒပြ

ရေခဲ(ပြည်)

ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများကို တရားရုံးဒဏ်ကြေး ၁၅ဝဝကျပ် အပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒဏ်ကြေးငွေ ကျပ် ၅ဝဝဝအား CB Bank မှတစ်ဆင့် ပေးသွင်းရခြင်းကို ကန့်ကွက်သည့် အနေဖြင့် တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် ပြည်မြို့မှ ကိုဝင်းလှိုင်ဆိုသူကို သြဂုတ် ၂၇ရက်က ပြည်မြို့နယ် တရားရုံးက ထောင်ဒဏ် သုံးလ ချမှတ်လိုက်သည်။

၎င်းင်းအား အမိန့်မချမှီ သြဂုတ် ၂၇ရက် နံနက် ၈နာရီတွင် ကိုဝင်းလှိုင်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်း အတိုင်း အသွားအပြန် လမ်းရှည်လမ်း၊ လမ်းမတော်လမ်း၊ ရုံးလမ်းများအတိုင်း ခရိုင်တရားရုံးရှေ့သို့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့သည်။

“ယာဉ်စည်းကမ်းချိုးဖောက်ရင် ဥပဒေအရ တရားရုံးမှာဒဏ်ငွေဆောင်ရမယ်။ ဒေသန္တရအမိန့်အရ ဒဏ်ကြေးဆိုတာ ဥပဒေမှာမရှိဘူး။ တရားဥပဒေအထက်က အမိန့်တွေအကုန်လုံးကို ဖီဆန်ရမယ်။ ဒီမိုကရေစီနိုင်ငံမှာ ဝန်ကြီးချုပ်က အမိန့်တွေ အမျိုးမျိုးထုတ်ပြီး လုပ်ကိုင်ခွင့်မရှိဘူး” ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်က ပြောသည်။

တစ်ကိုယ်တော်ဆန္ဒပြသူ ကိုဝင်းလှိုင်က CB Bank ၊ မြို့မရဲစခန်းရှေ့၊ ဆိုင်ကယ်ဦးထုတ် မဆောင်းသူများကို ဖမ်းသည့် ဗဟိုရ်မီးသတ်ရှေ့နှင့် ခရိုင်တရားရုံး ရှေ့များတွင် ကြွေးကြော်ဟောပြောမှုများပြုလုပ်ခဲ့သေးသည်။

“လူတစ်ယောက်ငါးထောင်နဲ့ တစ်နေ့အစီးငါးဆယ်လောက် ဖမ်းနေတာ။ သန်းပေါင်း မြောက်မြားစွာဖြစ်နေပြီ။ နိုင်ငံတော်လက်ထဲ ရောက်မယ်ဆို ကျောင်းတွေ ဆေးရုံတွေအတွက် အများကြီး သုံးလို့ရတယ်။ အစိုးရဘဏ်ကို ငွေသွင်းရတာမဟုတ်တော့ လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ပြည်သူတွေကို စာရင်းဇယားလဲချမပြဘူး” ဟု ၎င်းင်းကဆိုသည်။

ယခုနှစ် မတ်လ၂၅ ရက်က ခွင့်ပြုချက်မရှိဘဲ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့၍ ကိုဝင်းလှိုင်အား ငြိမ်းချမ်းစွာ စုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ယင်းအမှုကို မြို့နယ်တရားသူကြီး ဒေါ်စန္ဒာက လက်ခံစစ်ဆေးခဲ့ပြီး ရုံးချိန်း(၁၅)ခု ရင်ဆိုင်အပြီး သြဂုတ်လ ၂၇ရက်တွင် ထောင် သုံးလ ချမှတ်လိုက်ခြင်း ဖြစ်သည်။

No comments: