Saturday, August 30, 2014

မိကျောင်းကန် သပိတ်ခေါင်းဆောင်ကို ကျောက်တံတားတရားရုံးက တစ်မှု အမိန့်ချပြီး တစ်မှု စွဲချက်တင်

နန်းမြင့်

မိကျောင်းကန်သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို ကျောက်တံတားမြို့နယ် တရားရုံးတွင် ငြိမ်း၊ စု၊ စီ ပုဒ်မ-၁၈ဖြင့် သြဂုတ် ၂၉ရက်က ထောင်ဒဏ်လေးလ အမိန့်ချခဲ့ပြီး ထပ်မံ၍ တစ်မှုကို စွဲချက်တင်လိုက်ပြီဟု ၎င်း၏ အကျိုးတော်ဆောင်ရှေ့နေ ဦးအောင်စိုးထွန်းက ပြောသည်။

“ တစ်မှုကို ထောင်လေးလချတယ်။ နောက်ထပ်စွဲထားတဲ့ တစ်မှုကို ဒီနေ့(သြဂုတ်၂၉ ရက်) ပဲ တရားစွဲတင် လိုက်တယ်”ဟု ၎င်းက ပြောသည်။

မတ်လအတွင်းက ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးရှေ့မဟာဗန္ဓုလ ပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ငြိမ်း၊ စု၊ စီဥပေဒ ပုဒ်မ ၁၈ဖြင့်လည်းကောင်း၊ မေလ ၂၁ရက်က ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်များကို ဖြတ်၍ မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများက တူညီဝတ်စုံဖြင့် ဆန္ဒပြခဲ့ခြင်းအတွက် လည်းကောင်း၊ ကျောက်တံတား မြို့နယ် ရဲစခန်းက ပုဒ်မ-၁၈ဖြင့် အရေးယူပေးရန် တရားလိုပြု တရား စွဲဆိုထားသည်။

ဦးစိန်သန်းကို ပုဒ်မ-၁၈ဖြင့် သြဂုတ်လ ၁၉ရက်ကလည်း လသာမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလ၊ သြဂုတ်လ၂ဝရက် ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်လေးလ၊ သြဂုတ်လ ၂၅ရက်က ပန်းဘဲတန်းတရားရုံးမှ ထောင်ဒဏ်လေးလနှင့် သြဂုတ်လ ၂၉ရက်က ကျောက်တံတား တရားရုံးမှ ထောင်ဒဏ်လေးလစီ အမိန့်ချမှတ်ခြင်း ခံထားရသူဖြစ်သည်။ ၎င်းသည် ပုဒ်မ-၁၈ဖြင့် အမှု လေးမှုကို ထောင်ဒဏ် လေးလစီဖြင့် ၁၆လ အမိန့်ချမှတ်ခံထားရသူဖြစ်သည်။

No comments: