Sunday, August 31, 2014

ရခိုင်ပြည်နယ်၏ ဘတ်ဂျက် ၁၃ ဘီလျံအား ပြန်သွင်းရသည်ဟု ဆိုသည့် အပေါ် နှစ်ဖက် ကွဲလွဲနေ

ဟင်္သာနီ (မွန်မြေ)

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ၂ဝ၁၃ - ၂ဝ၁၄ ဘတ်ဂျက်နှစ်၌ လျာထား ဘတ်ဂျက် အနက် ၁၃ ဒသမ ၁၈ ဘီလျံကျပ်အား လုပ်ငန်း အကောင်အထည် မဖော်နိုင်ခဲ့သဖြင့် ပြည်ထောင်စု အစိုးရသို့ ပြန်အပ်ခဲ့ရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ပြောကြားကာ ၎င်းအား ဟုတ်မှန်မှု မရှိကြောင်း ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာအောင်ကျော်မင်းမှ ငြင်းဆိုခဲ့သည်။

“ဘတ်ဂျက်ငွေ ၁၃ ဒသမ ၁၈ ဘီလျံကို ပြန်အပ်ရတယ် ဆိုတာ မဟုတ်ဘူး၊ ၁၂ ဒသမ ၇၅ ၊ ၁၃ ဘီလျံ လောက်ကို ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည် ဖော်ထားတဲ့ လမ်းတံတား ဆောက်လုပ်ထားတာအတွက် ပေးရမှာ၊ အဲဒါအပြင် အခြား ဝန်ထမ်းလစာ အပါအဝင် ပေးရမှာတွေ အားလုံး ချုပ်လိုက်ရင် ဘဏ္ဍာရေး နှစ်ရဲ့ လက်ကျန် ငွေက ဒသမ (၄) ဘီလျံလောက်ပဲ ကျန်တယ်” ဟု ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒေါက်တာ အောင်ကျော်မင်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ အသုံးပြုရန် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု အစိုးရမှ ခွင့်ပြုထားသည့် ဘတ်ဂျက် ၁ဝ၉ ဘီလျံကျပ် ဖြစ်ကာ ၎င်း အနက်မှ ၁၃ ဒသမ ၁၈ ဘီလျံကို ပြန်အပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုခြင်း ဖြစ်သည်။

ထိုသို့ ပြန်အပ်ခဲ့ရသည်မှာ ဟုတ်မှန်ကြောင်းနှင့် ပြီးခဲ့သည့် ၂၁ ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်နှင့် ဦးစိုးငြိမ်းတို့မှ အစိုးရ အဖွဲ့နှင့် အခြေအတင် တင်ပြ ဆွေးနွေး ခဲ့ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးငြိမ်းက မဇ္ဈိမကို ပြောသည်။

“ပြန်အပ်ရတယ် ဆိုတာ သေချာပါတယ်၊ ကျွန်တော်တို့ အနေနဲ့ အစိုးရ အဖွဲ့ အသုံးစရိတ် ဘယ်လောက်ရှိလဲ၊ ပြည်ထောင်စု အစိုးရကခွင့်ပြုငွေ ပမာဏ ဘယ်လောက် ရှိလဲ ဒီအပေါ် တည်ဆောက်ပြီးမှ အသေအချာ ပြောတာလေ၊ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ပြောပါ့မလား” ဟု RNDP ပါတီ ကျော်တော်မြို့ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးငြိမ်းက ၎င်းက ပြောသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင်လည်း အလားတူ အသုံးမပြုနိုင်ခဲ့သည့် ကျပ်ငွေ ၈ ဘီလျံအား ပြည်ထောင်စု အစိုးရအား ပြန်သွင်းခဲ့ရကြောင်းလည်း ဦးစိုးငြိမ်းက ဆက်ပြောသည်။

အမှန်မှာ လွှတ်တော် ကိုယ်စားလှယ်များမှ နားလည်မှုလွဲခြင်း ဖြစ်ကာ ပြည်ထောင်စု အစိုးရမှ အကောင်အထည်ဖော်ခဲ့သည့် လမ်း၊ တံတား ဆောက်လုပ်ရေး စီမံကိန်းများကို ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်ခဲ့သည်ဟု ထင်မြင်ခဲ့ကြောင်း ဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက ပြောသည်။

ထိုပြန်အပ် ရငွေများအနက် လမ်းတံတား ဆောက်လုပ်ရေး ကဏ္ဍ အတွက် ပြန်အပ်ရငွေမှာ (၁ဝ) ဘီလျံကျော် ရှိကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲ ထားသည်။

No comments: