Saturday, August 30, 2014

ထီဆုကြီးပေါက်ရန် အဓိဋ္ဌာန်ရမည်ဆိုကာ ကျပ် ၃၈ သိန်းကျော် လိမ်လည်ယူဟု ဆို

ဖြိုးဝေလင်း

နာမည်ကြီး ထီဆိုင်တစ်ဆိုင်မှ ထီကံစမ်းမဲဖောက်စဉ် ရေခဲသေတ္တာ ပေါက်သည်ဟုဆိုပြီး ထီဆုကြီးပေါက်ရန်အတွက် အဓိဋ္ဌာန်ရမည်ဟုဆိုကာ ရွှေထည်ပစ္စည်းနှင့် ငွေသားစုစုပေါင်း ကျပ်သိန်း ၃၀ ကျော်ဖိုး လိမ်လည်ခဲ့သည့် ဖြစ်စဉ်တစ်ခု ရန်ကုန်တွင် ဖြစ်ပွားခဲ့သည်။

ဒလမြို့နယ်တွင် နေထိုင်သည့် ဒေါ်နီနီအောင်ထံသို့ ဇွန်လ ၃၀ ရက်၊ နံနက် ၇ နာရီခန့်က ဦးမျိုးညွန့်ဇော်ဆိုသည့် အမျိုးသားတစ်ဦးက ဖုန်းဆက်၍ ထီဆိုင်မှ ထီဆုကြီးပေါက်ရန် ဘုရားတွင် အဓိဋ္ဌာန်ရမည်ဟုဆိုကာ ကျောက်တော်ကြီးဘုရားသို့ ချိန်းဆိုခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ချိန်းဆိုသဖြင့် ဒေါ်နီနီအောင်သည် သမီးဖြစ်သူနှင့်အတူ ဘုရားသို့ သွားရောက်ခဲ့ရာ ဦးမျိုးညွန့်ဇော်၏ မန်နေဂျာဆိုသူ ဦးကျော်ကျော်ဝင်းနှင့် တွေ့ဆုံပြီး ရွှေစေတီ၊ ငွေစေတီတည်ရန် ပြောသဖြင့် ငွေကျပ် ငါးသိန်းနှင့် ရွှေထည်ပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ် ၂၂ သိန်းကျော်ဖိုး ပေးခဲ့သည်ဟု ဒေါ်နီနီအောင်က ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။

ထို့နောက် ဇူလိုင် ၁ ရက်တွင် ဦးမျိုးညွှန့်ဇော်က ထပ်မံချိန်းဆိုသဖြင့် မဟာဝိဇယဘုရားသို့ နံနက် ၁၀ နာရီတွင် အိမ်နီးချင်း အမျိုးသမီး တစ်ဦးနှင့်အတူ သွားရောက်ခဲ့ရာ ဦးမျိုးညွန့်ဇော် စေလွှတ်လိုက်သည့် မောင်ကျော်နိုင်ဆိုသူက ထီလက်မှတ် ထုပ်တစ်ထုပ်နှင့် ရောက်ရှိလာပြီး ထီလက်မှတ်ထုပ်ကိုယူကာ မောင်ကျော်နိုင်ကို ငွေကျပ် ငါးသောင်းကျော်နှင့် တန်ဖိုးငွေကျပ် ၁၆ သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ထပ်မံပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးမျိုးညွန့်ဇော်က ဖုန်းဆက်၍ ဒေါ်နီနီအောင်၏ ငွေနှင့် ရွှေထည်ပစ္စည်းများကို ပန်းဘဲတန်းမြို့နယ်ရှိ နာမည်ကြီး ထီဆိုင်တစ်ခုတွင် ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆိုသဖြင့် အဆိုပါ ထီဆိုင်သို့ သွားရောက်မေးမြန်းရာ အဆိုပါထီဆိုင်တွင် ဦးမျိုးညွန့်ဇော်ဆိုသူ မရှိကြောင်း ပြောဆိုမှသာ လိမ်လည်ခံရခြင်းကို သိရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးမျိုးညွန့်ဇော်သည် ထီဆုကြီးပေါက်ရန် အဓိဋ္ဌာန်ရမည်ဟုဆိုကာ ဒေါ်နီနီအောင်ထံမှ ငွေသားအပါအ၀င် ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုး ကျပ် ၃၈ သိန်းကျော်ဖိုး လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လိမ်လည်ခဲ့သူ ဦးမျိုးညွန့်ဇော်၊ ဦးကျော်ကျော်ဝင်းနှင့် မောင်ကျော်နိုင် ဆိုသူ သုံးဦးအပေါ် အရေးယူပေးပါရန် ဒေါ်နီနီအောင်၏ တရားလိုပြုတိုင်တန်းချက်ကို ဒဂုံမြို့မရဲစ ခန်းက (ပ)၁၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် သြဂုတ် ၁၉ ရက်ကအမှုဖွင့် စစ်ဆေးလျက်ရှိသည်။

No comments: