Sunday, August 31, 2014

UNFCနှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုများ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်

ဖနိဒါ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း ငါးဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး အခြေအနေများကို သုံးသပ်၍ ငြိမ်းချမ်းရေး ဘုံသဘောတူညီမှု ချမှတ်မည်ဟု UNFC၏ မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)၏ သဘာပတိ အဖွဲ့ဝင် ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ UNFC မှာ မပါတဲ့ အဖွဲ့အစည်းများ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အားလုံးဆွေးနွေး ဆုံးဖြတ်မယ်။ ဘုံလုပ်ငန်းစဉ်တခု ချမှတ်မယ်။ တကယ်တော့ လက်တွဲ ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် နိုင်ငံရေးဆွေးနွေးရမည့် ကဏ္ဍတွေမှာပါ အကျိုးရှိမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

UNFC နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံးအထောင်အထည်ဖော်ရေး ကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)မှ ကိုယ်စားလှယ်ပေါင်း ၁ဝဝကျော်က အစိုးရနှင့် NCCTတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုအပေါ် အကြံပြုရန် UNFC၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး သြဂုတ်၂၉နှင့် ၃ဝ နှစ်ရက်ဆက်တိုက် ဆွေးနွေးမည် ဖြစ်သည်။

“ပြည်တွင်းက အင်အားစုတွေအနေနဲ့ လက်ရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရော အပစ်ရပ်ထားတဲ့ လူတွေရော၊ ပါတီတွေရော အားလုံးကြားထဲမှာ တွေ့ဆုံနိုင်တဲ့အခွင့်အလမ်း အဲဒါကို ထိထိရောက်ရောက်အသုံးချပြီးတော့ ကျွန်တော်တို့ကြားမှာ နားလည်ညှိနှိုင်းထားတဲ့ ရပ်တည်ချက်တစ်ခုခု ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။

ငြိမ်းချမ်းရေး အာမခံချက်ရှိရန်အတွက် ပထမအဆင့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်၍ အရေးကြီးသော တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်က နိုင်ငံသားတွေ အားလုံးပါဝင်လာမှ ဒီငြိမ်းချမ်းရေးက အာမခံချက်ရှိမယ်၊ ပထမအဆင့်မှာက လက်နက်ကိုင် အဖွဲ့အစည်းတွေကြား၊ နိုင်ငံရေး အင်အားစုတွေ အကြား တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်တာပေါ့”ဟု ဦးကိုကိုကြီးက ပြောသည်။

သြဂုတ်လ ၂၉ရက် နံနက်ပိုင်းတွင် UNFC ခေါင်းဆောင်များ၏ ညီလာခံ ကျင်းပခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ပြည်တွင်းမှ ဒီမိုကရေစီအင်အားစုများနှင့် ဆက်လက် ဆွေးနွေးခြင်း ဖြစ်သည်။ UNFC၏ ညီလာခံကို သြဂုတ် ၂၅ရက်မှ စတင်ကျင်းပခဲ့ပြီး ဆွေးနွေးမှု မပြီးပြတ်သေး၍ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု ပြီးမှသာ ဆက်လက်ကျင်းပမည် ဖြစ်သည်။

No comments: