Saturday, August 30, 2014

အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာ စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ချင်းအမျိုးသား တစ်ဦး ပထမဆုရ

Khonumthung

အဆင့်မြင့်ပညာကဏ္ဍ အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် ချင်းအမျိုးသား ငွန်လျန်ဆန်းက ကျပန်း စကားပြော ပြိုင်ပွဲ ဘွဲ့လွန်အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ကလေးတက္ကသိုလ်ကျောင်းသား ချင်းအမျိုးသား ငွန်လျန်ဆန်း သည် ကျပန်း စကားပြောပြိုင်ပွဲ ဘွဲ့လွန်အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိသည့်အပြင် ဘွဲ့လွန် အဆင့် စာစီစာကုံး၊ ကျပန်းစကားပြော နှင့် စကားဝိုင်း ဆွေးနွေးပွဲ ပြိုင်ပွဲ (၃) ခုပေါင်း တွင်လည်း ဒုတိယ ဆုရရှိခဲ့သည်ဟု ယမန်နေ့ ထုတ်မြန်မာ့အလင်းသတင်း စာတွင် ဖော်ပြထား သည်။

ထို့အပြင် ချင်းအမျိုးသားများဖြစ်ကြသော မောင်အွမ်ဆွင်းခိုင်က ဘွဲ့လွန်အဆင့် စာစီစာကုန်းပြိုင်ပွဲ တွင် ဒုတိယဆု ရရှိခဲ့ပြီး ဘွဲ့ကြိုအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် မောင်လာလ်ရွေးလျန်ကလည်း တတိယဆု အသီးသီးရရှိခဲ့ကြသည်။

သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ၏ စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင် ပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲပြိုင်ပွဲများသို့ ဘွဲ့ကြိုအဆင့် ပြိုင်ပွဲဝင် ၂၄ ဦးနှင့် ဘွဲ့လွန်အဆင့် ပြိုင်ပွဲဝင် ၁၆ ဦး စုစုပေါင်း ၄၀ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များသည် တက္ကသိုလ်အဆင့်နှင့် အဆင်မြင့်ပညာ ဦးစီးဌာနအဆင့်များတွင် ဆုရရှိပြီး အမျိုးသားအဆင့် ကို ဝင်ရောက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ပြောကြားရသည့် ခေါင်းစဉ်များသည် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ကြိုတင် အသိပေး ထားခြင်း မရှိသော ခေါင်းစဉ်များဖြစ်သည်။ ယခုပြိုင်ပွဲတွင် ဗြိတိသျှကောင်စီမှ အကဲဖြတ် ဒိုင် လေးဦးနှင့် Edulink Australia မှ အကဲဖြတ်ဒိုင် တစ်ဦးတို့က အကဲဖြတ်ဒိုင်များ အဖြစ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရ သည်။

No comments: