သီဟကိုကို
ရန်ကုန်ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်း သုံးခု တင်ဒါအဆိုပြုလွှာများ တင်သွင်းထားသည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ထုတ်ပြန်သည်။
ရန်ကုန်ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း တင်ဒါယှဉ်ပြိုင်ရန် တင်ဒါအဆိုပြုလွှာ (Request for Proposal Document) ထုတ်ယူထားသည့် ကုမ္ပဏီများအား အဆိုပြုလွှာများကို ၂ဝ၁၅ ဇန်နဝါရီ ၆ ရက် နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားခဲ့သည်။
ဂျပန်-မြန်မာ ပူးပေါင်းရေးကုမ္ပဏီတစ်ခု၊ ဗီယက်နမ်-တရုတ်-မြန်မာ ပူးပေါင်းကုမ္ပဏီတစ်ခု၊ မြန်မာ-စင်ကာပူ ပူးပေါင်းကုမ္ပဏီတစ်ခု၊ စင်ကာပူနိုင်ငံမှကုမ္ပဏီတစ်ခု၊ ဂျပန်နိုင်ငံမှကုမ္ပဏီတစ်ခု၊ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ကနေဒါနိုင်ငံမှကုမ္ပဏီတစ်ခု၊ ထိုင်ဝမ်မှကုမ္ပဏီတစ်ခုနှင့် မြန်မာမှကုမ္ပဏီတစ်ခု စုစုပေါင်း ကုမ္ပဏီကိုးခုက တင်ဒါတင်သွင်းရန်အဆိုပြုလွှာများ ထုတ်ယူထားသည်။
တင်ဒါအဆိုပြုလွှာ ထုတ်ယူထားခဲ့သည့် ကုမ္ပဏီ အဖွဲ့အစည်း ကိုးခုအနက်မှ ကုမ္ပဏီ အဖွဲ့အစည်း သုံးခုကသာ တင်ဒါအဆိုပြုလွှာများကို တင်သွင်းထားခဲ့ပြီး တင်ဒါလာရောက်တင်သွင်းသည့် အဆိုပါကုမ္ပဏီ အဖွဲ့အစည်းများကိုမူ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် ဒီဇိုင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ပြည်တွင်း၊ ပြည်ပ၊ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာများပေးပို့ရန် ၂ဝ၁၄ ဧပြီ ၂၆ ရက်က စတင်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအပါအဝင် ဥရောပနှင့် အာရှဒေသများမှ နိုင်ငံပေါင်း ၁၂ နိုင်ငံက အဆိုပြုလွှာ ၃၄ ခု ပေးပို့ခဲ့ကြပြီး အဆိုပြုလွှာများကို လေ့လာဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စွမ်းရှိမည့် ဆန်ခါတင် ကုမ္ပဏီများကို ရွေးချယ်ကာ တင်ဒါ အဆိုပြုလွှာများ ပြန်လည်တင်သွင်းရန် ခေါ်ယူထားခြင်း ဖြစ်သည်။
ရန်ကုန် ဘူတာကြီး စီမံကိန်းတွင် ဘူတာအဆောက်အအုံကို မူလအတိုင်းထားရှိမည်ဖြစ်ပြီး ကျန်ရှိသည့် မီးရထားပိုင်မြေ ၆၂ ဧကတွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်မည် ဖြစ်သည်။
No comments:
Post a Comment