ရေခဲ (ပြည်)
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ ကျောင်းဆရာမကို ပြည်ခရိုင် သဲကုန်းမြို့နယ်မှ ရဲတပ်သားက ဓားဖြင့်ထိုးပြီးအဆိုပါ ကျောင်းဆရာမ၏ ဆိုင်ကယ်ကို လုယက်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ၂ ၃ ရက်တွင် ဖြစ်ပွားခဲ့သည်ဟုရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက အတည်ပြုသည်။
ရွှေတောင်မြို့နယ် ပဒေသာကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အသက် (၂၄) နှစ်အရွယ် ဆွဲခန့် ဆရာမ မယဉ်ငြိမ်းအေးကို သဲကုန်းမြို့မ ရဲစခန်းတွင် တာဝန်ထမ်း ဆောင်နေသည့် အသက် (၂၉) နှစ်အရွယ် ကိုယ်ပိုင်အမှတ် လ-၂၂၉၉၉၉ ရဲတပ်သား ချစ်ငြိမ်းချမ်းက ဓားနှင့် ထိုးကာ ဆိုင်ကယ်ယူ ဆောင်သွားခြင်း ဖြစ်သည်။
“ကောင်မလေးကို နာကျင်အောင်လုပ်ပြီး ကောင်မလေး သဘောမတူဘဲ ဆိုင်ကယ်ယူသွားတယ်။ ရဲတပ်သားဖြစ်လို့ ထိထိရောက်ရောက်ဖြစ်အောင် အမှုဖွင့်ထားတယ်” ဟုလည်း ရဲမှူးသန်းထွန်းက ပြောသည်။
“သူတို့နှစ်ယောက်က သမီးရည်းစားတွေ။ ကောင်မလေးက ကျောင်းကအပြန် ကောင်လေးက ဆိုင်ကယ်တစ်စီး ကောင်မလေးက ဆိုင်ကယ်တစ်စီး တွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကို ခိုးရာလိုက်ဖို့ခေါ်တော့ ကောင်မလေးက မလိုက်ဘူး။ ဆွဲလားရမ်းလား လုပ်နေတဲ့အချိန် ရွာကကောင်လေးတစ်ယောက် ရောက်လာတော့ ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ လုပ်တယ်။ သူ့ဆိုင်ကယ်က နှိုးမရတော့ လွတ်ရာလွတ်ကြောင်း ကောင်မလေး ဆိုင်ကယ်ကိုယူပြီး ထွက်ပြေးသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ရဲတပ်သားက အသင့်ပါလာသော ဓားမြောင်ဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး မယဉ်ငြိမ်းအေး၏ ဝမ်းဗိုက်ဝဲဘက် အရေပြား ရှပ်ထိဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။
ထွက်ပြေးသွားသောရဲတပ်သားကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ည ၆ နာရီအချိန်တွင် ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် နှပ်တန်းလမ်းတွင် အတူပါဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်အပေါ် ရဲတပ်သား ချစ်ငြိမ်းချမ်းကို ရွှေတောင်မြို့နယ် တရုတ်မှော် နယ်မြေရဲစခန်းတွင် (ပ)၅ /၂၀၁၅ ၊ ပုဒ်မ ၃၈၂ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment