ဖြိုး
လုပ်ငန်း လိုင်စင်မရှိဘဲ ခရီးသည်တင် ပြေးဆွဲနေသည့် လိုက်ထရပ်ယာဉ် အစီးရေ တစ်ထောင်နီးပါးကို ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဥပဒေ (ကရဖ) ဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း မန္တလေး၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနထံမှ သိရသည်။
၂ဝ၁၁ မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလလယ်အထိ လုပ်ငန်းလိုင်စင်မရှိဘဲ နံပါတ်အနက်ဖြင့် ခရီးသည်၊ ကုန်တင် ပြေးဆွဲနေသော လိုက်ထရပ်ယာဉ် အစီးရေ ၉၅၄ စီးကို စစ်ဆေးအရေးယူပြီးဖြစ်ကြောင်း ၄င်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါယာဉ်များကို လုပ်ငန်းလိုင်စင်လုံးဝပြုလုပ်ခြင်းမရှိဘဲ ပြေးဆွဲသည့်ယာဉ်များကို ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး ဥပဒေအရ ဒဏ်ငွေ သုံးသောင်း သတ်မှတ်ထားပြီး လုပ်ငန်းလိုင်စင် သက်တမ်းကျော်လွန်သည့် ယာဉ်များနှင့် စည်းကမ်းပျက်ယာဉ်များကို ဒဏ်ငွေ ငါးထောင်သတ်မှတ် ထားကြောင်းသိရသည်။
''အခု ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးအရေးယူမှုတွေ လုပ်တဲ့နောက်ပိုင်း လုပ်ငန်းလိုင်စင်လုပ်တဲ့ ယာဉ်အစီး ရေတိုးလာပါတယ်။ ဒီသုံးလအတွင်းကို ယာဉ်အစီးရေ သုံးထောင်ကျော်လောက် တိုးသွားပါတယ်။ လုပ်ငန်း လိုင်စင်ပြုလုပ်တာ မရှိရင်တော့ ကရဖ ဥပဒေနဲ့ အရေးယူပါတယ်'' ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ လယ်အထိ မော်တော်ယာဉ် အစီးရေပေါင်း ငါးသောင်းနီးပါးကို လုပ်ငန်းလိုင်စင် ပြုလုပ်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်း၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦး စီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လုပ်ငန်းလိုင်စင် ပြုလုပ်ပေးရာတွင် မော်တော်ယာဉ် အစီးရေ (၃၁,၇၂၈) စီး၊ ထော်လာဂျီ (၇,၅၁၂) စီးနှင့် သုံးဘီးယာဉ် အစီးရေ (၈,၂၁၅) စီးပြုလုပ်ပေးပြီး ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် စီမံကိန်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
လုပ်ငန်းလိုင်စင်ပြုလုပ်ရာတွင် ကုန်စည်ပို့ဆောင် (က) လိုင်စင်၊ ခရီးသည်ပို့ဆောင် (ခ) လိုင်စင်၊ ခရီးသည် စင်းလုံးငှားပို့ဆောင် (ဂ) လိုင်စင်၊ တက္ကသိုလ်ကြိုပို့နှင့် စက်ရုံ အလုပ်သမား ကြိုပို့ယာဉ် (ဃ) လိုင်စင်နှင့် ကိုယ်ပိုင်စီးပွားရေး (င) လိုင်စင်များပြုလုပ်ရန် သတ်မှတ်ထားသည်။
No comments:
Post a Comment