ဧရာဝတီ
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေသော သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရ တာဝန်ရှိသူ များ ဇန်န၀ါရီလ ၂၈ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ကျောင်းသားများ တောင်းဆိုထားသည့် အတိုင်း ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီလိုက်ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ပညာရေး ၀န်ကြီးဌာနရုံးတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ အဖွဲ့ ကိုယ်စားလှယ်များ နှင့် သပိတ်မှောက် ကျောင်းသားများကို ဦးဆောင် နေသည့် ဒီမိုကရေစီ ပညာရေး လှုပ် ရှားမှု ဦးဆောင်ကော်မတီဝင် ၁၀ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ပူးတွဲ ကြေညာ ချက် ထုတ်ပြန်၍ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၊ အစိုးရ၊ ကျောင်းသားများနှင့် မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ဆုံရန် သဘောတူညီ ကြောင်း သိရှိရသည်။
“ဒီနေ့ဟာ ကျမတို့အတွက် သမိုင်းမှာ ထူးထူးခြားခြား ဆွေးနွေးညှိနှိုင်းပြီးတော့ အောင်ပွဲရတယ်လို့ ကျမတို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု တိုက်ပွဲမှာ ကျမတို့ တောင်းဆိုတဲ့ အချက်ထဲက တော်တော် များ များ ကို အစိုးရဘက်က အများသိအောင် ကတိက၀တ်ပြုပြီးတော့ သဘောတူညီမှု ရလိုက်တယ်လို့ ကျမတို့ ယူဆ ပါ တယ်။ ကျမတို့ လိုချင်တဲ့ တောင်းဆိုထားတဲ့ ၁၁ ချက်လုံး ပညာရေး ဥပဒေထဲမှာ ထည့်သွင်းရေးဆွဲနိုင်ဖို့၊ ဆွေးနွေး ဖို့ စာပွဲး ၀ိုင်းမှာတော့ ကျမတို့ဆွေးနွေးရမယ့်သူတွေရဲ့ တာဝန်ဆက်ပြီးတော့ ရှိလာပါပြီ” ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က ပြောသည်။
ကျောင်းသားများနှင့် အစိုးရ၀န်ကြီးများ ပူးတွဲထုတ်ပြန်သောကြေညာချက်တွင် သဘောတူညီချက် ၄ ချက်ပါရှိပြီး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မြို့တွင် ပထမအကြိမ် တွေ့ဆုံရန်၊ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကျောင်းသား ကိုယ်စားလှယ် များက တင်ပြထားသော အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်၊ ကိုယ်စားလှယ် များ အနေဖြင့် အပြုသဘောဆောင် ဆွေးနွေးပြီး သဘောတူညီမှုများကို ညှိနှိုင်းရယူရန်နှင့် ဆွေးနွေးရန် ကျန်ရှိသည်များ ကို ဆက်လက် ဆွေးနွေး အဖြေရှာသွားရန်၊ ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့်နေ့တွင် ကျောင်းသားသပိတ်များကို ရပ်နား ရန်တို့ ပါဝင် ကြောင်း သိရှိရသည်။
ထို့ပြင် ကျောင်းသားများ၏ ချီတက်မှုကို ဥပဒေကြောင်းအရ အရေးယူမှု ပြုလုပ်ရန် မရှိဟု အစိုးရက ကျောင်းသားများကို ကတိပေးခဲ့ကြောင်း သိရှိရသည်။
“အစိုးရဘက်က ပုဒ်မ ၁၈နဲ့ တရားစွဲထားတာတွေကို အရေးယူဖို့ မရှိဘူး။ တောင်သာကနေ ၀ဲလောင်ကို ချီတက်နေတဲ့ သပိတ်လမ်းကြောင်းက အတားအဆီးတွေ အကုန်လုံးကို ဖယ်ပေးမယ်။ ဆက်လက်ချီတတ် နိုင်အောင် လမ်းရှင်းပေမယ်လို့ ပြောထားတဲ့ ကတိက၀တ်ကို ကျမတို့ ရထားပါတယ်” ဟု မဖြိုးဖြိုးအောင်က ပြောသည်။
အစိုးရနှင့် သပိတ်မှောက်ကျောင်းသားများ တွေ့ဆုံရာတွင် သပိတ်မှောက် ကျောင်းသားများဘက်မှ ကိုယ်စားလှယ် များ အဖြစ် ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုဝေမိုးနိုင်၊ ကိုပြည့်ဖြိုးကျော်၊ ကိုချစ်ဝင်းမောင်၊ ကိုသန့်ဇင်ထွန်း ၁၀ ဦးတို့ တက်ရောက်ခဲ့ပြီး အစိုးရပိုင်းမှ ၀န်ကြီး ဦးအောင်မင်း၊ ပညာရေး ၀န်ကြီး ဒေါ်ခင်စန်းရီ ၊ ပညာရေးမြှင့်တင်ရေး ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် ဥပဒေ ကျွမ်းကျင်သူတချို့ ပါဝင်ကြောင်း သိရှိရသည်။
လတ်တလော နေပြည်တော်တွင် အစိုးရနှင့်ကျောင်းသားကိုယ်စားလှယ်များတွေ့ဆုံ၍ ပူးတွဲကြေညာချက်တရပ် ထွက်ရှိ လာသော်လည်း တောင်သာမြို့မှ ပုပ္ပားသို့ ချီတက်နေသော သပိတ်မှောက်ကျောင်းသားများကို အာဏာပိုင်များက တား ဆီး ရန် ပြင်ဆင်မှုများ ရှိနေကြောင်း၊ ကျောင်းသားသပိတ်စစ်ကြောင်းအနေဖြင့် လက်ရှိတွင် သပိတ်ရပ်နားရန် မရှိသေး ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်က ဆိုသည်။
“ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ( ဗကသ )အနေနဲ့ ကျောင်းသားသပိတ်ကို မစခင်ကတည်းက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို လိုက်လျောမယ်ဆိုတာကို လွှတ်တော်ကနေ တရားဝင်သတ်မှတ်၊ စာထွက်မှသာ သပိတ်ကိုရပ်မယ်လို့ ဆုံးဖြတ်ချက်ရှိထားတယ်။ ဒါကြောင့် ဗကသ က သပိတ်ကို ဆက်သွားမယ်”ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်က ဧရာဝတီသို့ပြောသည်။
ပခုက္ကူမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်လာသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သပိတ်ကျောင်းသားများကမူ ရန်ကုန်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ပြုလုပ်မည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးသည့်နေ့မှစ၍ ဆွေးနွေးပွဲ ပြီးဆုံးသည်အထိ သပိတ်မှောက်ထားမှုများ ခေတ္တရပ်နားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“သပိတ်ကြောင့် ခွင့်ယူထားတဲ့ကျောင်းသားတွေအားလုံး ကျောင်းပြန်တက်ကြမယ်။ ဆွေးနွေးပွဲပြီးသည်အထိ သပိတ်ကို ခေတ္တနား ထားမယ်။ ကျနော်တို့တောင်းဆိုထားတဲ့အချက်တွေ မရင်တော့ သပိတ်ကိုဆက်လုပ်မယ်”ဟု ပခုက္ကူ သပိတ် လမ်းကြောင်း တွင် ဦးဆောင်ပါဝင်နေသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဇင်မင်း ဖြိုးကပြောသည်။
No comments:
Post a Comment