Thursday, November 17, 2016

မောင်တောဒေသ စစ်ရှောင်တိုင်းရင်းသားများနှင် တပ်မတော်သားများအတွက် ဆန်အိတ် ၃၀၀နှင့် ငါးခြောက်ပိသာ ၃၁၀ လှူဒါန်း

စံမောင်သန်း၊ စစ်တွေ


အလိုတော်ပြည့် ဆရာတော်ကြီးအား အမှူးထား၍ Royal Sittwe Resort နှင့် Royal Beach မိသားစုတို့က ရခိုင်ပြည်နယ် မောင်တောဒေသ စစ်ရှောင် တိုင်းရင်း သားများနှင့် မောင်တော ဒေသ ရှေ့တန်းရောက် တပ်မတော်သားများအတွက် ဆန်အိတ် ၃၀၀ နှင့် ငါးခြောက် ပိသာ ၃၁၀ ယနေ့တွင် လှူဒါန်းခဲ့သည်။

၎င်းပြင် အလိုတော်ပြည့်ဆရာတော်ထံမှလဲ စုဆောင်း ကောက်ခံရရှိထားသော ငွေကျပ် သိန်း ၅၀ လှူဒါန်းခဲ့သည်။

၎င်းလှူဒါန်းပွဲကို အခမ်းအနားဖြင့် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

“မောင်တောဒေသမှာ လုံခြုံမှုမရှိတဲ့အတွက်ကြောင့် ဘေးကင်းလုံခြုံရာသို့ ရှောင်တိမ်းလာကြတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် ရန်ကုန်မြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်မှာ အလှူခံဌာန ဖွင့်ထားပါတယ်။ အဲ့ဒီက လက်ခံရရှိထားတဲ့ ငွေကျပ် သိန်း ၅၀ နဲ့ စစ်တွေနဲ့ သံတွဲ ဟိုတယ်ပိုင်ရှင် ဦးမောင်မောင်က ဆန်အိတ် ၃၀၀ နဲ့ ငါးခြောက် ပိသာ ၃၁၀ ကို မောင်တော ဒေသမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သားတွေနဲ့ စစ်ရှောင် တိုင်းရင်းသားတွေ အတွက် စေတနာထား လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု အလိုတော်ပြည့်ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါဆန်အိတ်နှင့် ငါးခြောက်အတွက် ငွေသားများနှင့် အလိုတော်ပြည့်ဆရာတော်ထံမှ အလှူငွေများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် လှမြင့်စိုးက လက်ခံရယူခဲ့ကြသည်။

“ အောက်တိုဘာလ ၉ ရက်နေ့မှာ ဘာသာခြားတွေ တိုက်ခိုက်ခံရတဲ့နောက်ပိုင်း မောင်တောဒေသက ဒေသခံတိုင်းရင်းသားတွေ မောင်တောမြို့ပေါ်၊ ဘူးသီးတောင်နဲ့ စစ်တွေမြို့တို့ကို ရှောင်တိမ်းလာခဲ့ကြရပါတယ်။ အဲ့ဒီကတည်းက ဆရာတော်ကြီး ကိုယ်တိုင် ဘူးသီးတောင် မောင်တောသို့ ကိုယ်တိုင်သွားရောက်ပြီး အကူအညီ ပေးလာတာဆိုရင် တစ်လ ကျော်လာပါပြီ။ ဆရာတော်ကြီးရဲ့ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်နေမှုတွေ အပေါ်မှာ အထူး လေးစား ကြည်ညိုမိပါတယ်”ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် လှမြင့်စိုးကပြောသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် များသည် အကြမ်းဘက်တိုက်ခိုက်သူများကို အလုံးအရင်းဖြင့် စွမ်းစွမ်း တမံ တိုက်ပွဲဝင်နေကြောင်း၊ ဤသို့လှူဒါန်းခြင်းအပေါ် အထူးကျေးဇူးတင်ကြောင်း၊ ဒေသခံများ ဘ၀နှင့် အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် အသက်စွန့်၍ တာဝန် ထမ်းဆောင်နေကြောင်း၊ အထက်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဗိုလ်မှူးချုပ် လှမြင့်စိုးက “ဒီလိုမျိုးလှူဒါန်းခြင်းဟာ တပ်မတော်သားတွေ အတွက် စိတ်ဓါတ်ပိုင်းအတွက်ရော၊ စစ်ဆင်ရေးအတွက်ရော တော်တော် အထောက်အကူဖြစ်စေပါတယ်။ တပ်မတော်သားတွေဟာ ညဥ့်မအိပ် နေ့မနား လှုပ်ရှားဆောင်ရွက်နေတဲ့ကြားထဲက အချိန်လုပြီး ထမင်းချက်စား နေကြရပါတယ်။ အခုရရှိတဲ့ ငါးခြောက်တွေကို တပ်မတော်သားတွေ အသင့်စား နိုင်အောင် ပြုလုပ်ပြီးမှ အထုပ်ကလေးတွေ ထုပ်ပြီးတော့ ရှေ့တန်းကို ပို့မှာပါ။ ဒီလို လုပ်ပေးခြင်းအားဖြင့် သူတို့အတွက် ဟင်းချက်ဖို့အချိန်ကို စစ်ဆင်ရေးအတွက် အသုံးချသွားနိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်သားတွေ အနေနဲ့ ပြည်သူတွေဆီက ဆေးလိပ်တစ်လိပ်ပဲရရ ငါတို့နောက်မှာ ပြည်သူတွေရှိတယ်ဆိုပြီးတော့ တိုက်ရင်းနဲ့ သေပျော်ကြပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။

တပ်မတော်သားများအနေဖြင့် ယခု မောင်တောဒေသ စစ်ဆင်ရေးပြုလုပ်ရာတွင် မိမိ နယ်မြေကို အသက်ပေး ကာကွယ်ခွင့် ရကြသည့် အတွက် ကျေနပ်မှု ပိုရှိကြသည်ဟု ဒကစ မှူးက ထပ်လောင်းပြောကြားသည်။

လှူဒါန်းငွေများမှ ထက်ဝက်ကို မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမြင့်စိုးအားပေးအပ်ခဲ့ပြီး၊ ကျန်ထက်ဝက်ကို စစ်ရှောင်တိုင်းရင်းသားများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းထံသို့ ပေးအပ်ခဲ့သည်။

ယနေ့ပြုလုပ်သော အခမ်းအနားသို့ Royal Sittwe Resort နှင့် Royal Beach ပိုင်ရှင် ဦးမောင်မောင် ကိုယ်တိုင်တက်ရောက်ပြီး ဆန်နှင့် ငါးခြောက်ဝယ်ရန် အလှူ ငွေများကို အလိုတော်ပြည့် ဆရာတော်ကြီးထံလှူဒါန်းကာ အလိုတော်ပြည့် ဆရာတော်ကြီးက သက်ဆိုင်ရာ အာဏာပိုင်းများသို့ တဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Royal Sittwe Resort နှင့် Royal Beach မိသားစု၏ ယခုအကြိမ်လှူဒါန်းခြင်းသည် မောင်တောဒေသအတွက် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး ယခင်ကလည်း အလိုတော်ပြည့်ဆရာတော်ကြီးမှတစ်ဆင့် ရခိုင်တိုင်းရင်းသားများ အတွက် ဆန်အိတ် ၁၀၀၀ လှူဒါန်းခဲ့ပြီဟု သိရသည်။

အခမ်းအနားသို့ Royal Sittwe Resort ဟိုတယ်မှ ၀န်ထမ်းများလည်း တက်ရောက် ခဲ့ကြသည်။

No comments: