Sunday, November 27, 2016

မောင်တောမြို့နယ် လောင်းတုံအနီးတွင် တိုက်ပွဲဖြစ်၊ အိမ်အချို့ မီးရှို့ခံရ၊ ဖမ်းဆီးခံရသူ ဒါဇင်နှင့်ချီပြီးရှိ

နိရဉ္စရာ၊


မောင်တောမြို့နယ် မြောက်ပိုင်း လောင်းတုံရခိုင်ရွာ အရှေ့ဘက် ဆင်သေပြင် ဘင်္ဂလီရွာ နဲ့ ငါးစကြူး အုပ်စု ဖန်မြောင်ရွာကြားတွင် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ တိုက်ပွဲ ဖြစ်တာက ကျွန်တော်တို့ရွာ အရှေ့ဘက် ဆင်သေပြင်နဲ့ ငါးစကြူးရွာကြားမှာ ဖြစ်တာပါ။ ပထမ တစ်ချက် နှစ်ချက် စကြားရပါတယ်။ နောက်ပိုင်းမှာတော့ သေနတ်သံတွေ အများကြီးကြားရပါတယ်။ ပစ်ခတ်မှုက ၁၀ မိနစ်လောက်ဘဲ ကြာပါတယ်” ဟု လောင်တုံရွာသား ကိုကျော်ဝင်းက ပြောသည်။

တပ်မတော်စစ်ကြောင်းသည် ယနေ့နံနက် လောင်တုံရွာမှ ထွက်ခွာသွားပြီး များမကြာမီ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့မှ လေးဦးကျဆုံးသည်ဟု သတင်းရကြောင်း ရွာသားတစ်ဦးကလည်း ပြောကြားသည်။

အကျအဆုံးနှင့် ပတ်သက်ပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

ယနေ့နံနက် ၂ နာရီကျော်ခန့်က မောင်တောတောင်ပိုင်း နရုလာ ကျေးရွာတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့သလို ညောင်ချောင်းရွာတွင်လည်း ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ခရေမြိုင်ရွာသား တစ်ဦးအား မေးမြန်းရာ သူက “ ညောင်ချောင်း ဘင်္ဂလီရွာတွင် အိမ်တစ်လုံး မနေ့ ည ၁၀ နာရီကျော်မှာ မီးလောင်ပြီး ဒုချရားတန်းအုပ်စု နရုလာရွာမှာတော့ ညဥ့် ၂ နာရီကျော်မှာ အဆောင် တစ်ဆောင် မီးလောင်တယ်လို့ ကြားသိရပါတယ်။ တပ်မတော်မှ နရုလာရွာထဲက အဆောင်တစ်ခုကို ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားတွေ ယူသွားတဲ့ လက်နက် တစ်လက်ကို ပြန်လည် ရရှိခဲ့တယ်လို့ သတင်းရပါတယ်” ဟု ပြောဆိုသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဆက်သွယ်ရာ ဒုရဲမှူး စိုးနိုင်မှ နရုလာရွာမီးလောင်ခြင်းကို အတည်ပြု ပြောကြားသော်လည်း အခင်းဖြစ်ပွားရာ ဒေသမှာ လက်လှမ်းမမှီသဖြင့် တစ်ခြား အသေးစိတ် အချက်အလက်များကို မသိရှိဟု ပြောဆိုသည်။

ယနေ့ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ် ပါဝင်သူများဟု သံသယရှိသူ မောင်နှမတောင်ရွာမှ နိုရူကာမာ အပါဝင် ၁၆ ဦးအား သပ်ကယ်ပြင် ကျေးရွာနှင့် မောင်နှမကျေးရွာကြားမှ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

No comments: