Friday, November 25, 2016

မောင်တောမြို့နယ်ရှိ အစိုးရ စာသင်ကျောင်း တစ်ချို့တွက် နှစ်ဝက်စာမေးပွဲ စစ်

စံမောင်သန်း၊ စစ်တွေ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အစိုးရ စာသင်ကျောင်းများတွင် နှစ်ဝက်စာမေးပွဲများကို စတင်စစ်ဆေးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ တခြားကျောင်းများထက် တစ်လကျော် နောက်ကျပြီးမှ စစ်ဆေးနိုင်ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က နိရဉ္စရာသတင်းဌာနများသို့ ပြောသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင် စစ်ဆေးခဲ့ရာတွင် ကျောင်းပေါင်း ၁၈၃ ကျောင်းတွင် ၆၈ ကျောင်းကိုသာ စာမေးပွဲစစ်နိုင်သည်ဟု မောင်တောမြို့နယ် ပညာရေးမှူးက ပြောသည်။

“စာမေးပွဲ ဖြေဆိုရာမှာ အကြမ်းဘက်မှုနဲ့ နီးစပ်တဲ့ ကျေးရွာတွေ၊ ဥပမာအားဖြင့် ယောတောင်၊ ငန်းချောင်း၊ ဓါးကြီးစား၊ ရွက်ညိုးတောင်၊ ကြိမ်ချောင်းမှာလည်း မစစ်နိုင်ဘူး။ အောင်သပြေအပေါ်ပိုင်းကျတော့ အေးအေးဆေးဆေးဖြစ်နေပြီး တိုင်းရင်းသားကျေးရွာတွေ များတဲ့အတွက် စာစစ်နိုင်ပါတယ်။ တောင်ပိုင်းအဆုံး အင်းဒင်မှာလည်း စစ်နိုင်တယ်။ ကျောက်ပန်းတူမှာလည်း စစ်နိုင်တယ်။ မောင်တောမြို့နယ်မှာ ၁၈၃ ကျောင်းရှိတဲ့အထဲက ၆၈ ကျောင်းသာ စစ်နိုင်ပါတယ်”ဟု ပြောသည်။

အကြမ်းဘက်မှုတွင် မပါဝင်သည့် ဘင်္ဂလီကျေးရွာများတွင်လည်း စာမေးပွဲစစ်နိုင်ကြောင်း၊ ဘင်္ဂလီ ကျောင်းဆရာများက တာဝန်ယူ စစ်နေသည်ဟု ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ နံသာတောင်ပရဟိတကျောင်းတွင် ကျောင်းသားစုံစုံညီညီ ရှိနေသော်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် စာမေးပွဲဖြေဆို နေကြရသည်ဟု ဆိုသည်။

“နံသာတောင် ပရဟိတကျောင်းမှာ ကျောင်းသားတွေတော့ အားလုံးဖြေဆိုနေကြပါတယ်။ ဒါပေမယ့် အခြေအနေစိတ်မချရသေးတဲ့အတွက် ကြောက်ကြောက်လန့်လန့် စိတ်မချမ်းမသာနဲ့ ဖြေဆိုနေကြရပါတယ်။ လမ်းကြောင်းတွေလည်း အခုထိ အပွင့်သေးပါဘူး”ဟု နံသာတောင် ပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစာရဏက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မောင်တောမြို့နယ်တွင် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အစိုးရစာသင်ကျောင်း ၁၈၃ ကျောင်းရှိသည့်အနက် ကျောင်းပေါင်း ၁၂၀ ခန့်ထိ ပြန်လည်ဖွင့်နိုင်ခဲ့သော်လည်း ဒုတိယတကျော့ပြန် အကြမ်းဘက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်မူ ၆၈ ကျောင်းသာ ဖွင့်ထားနိုင်သည်ဟု သိရသည်။

သို့သော် ကျောင်းသားများ နှစ်ဝက်စာမေးပွဲဖြေဆိုနေသည့်ကာလတွင် စာမေးပွဲဖြေဆိုမှု ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဘက်သမားများက တစ်စုံတစ်ရာ နှောင့်ယှက်တိုက်ခိုက်မှု မရှိဟုလည်း မောင်တောမြို့နယ် ပညာရေးမှူးက ပြောသည်။

No comments: