Friday, November 25, 2016

တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အကြား စစ်ရေးတင်းမာ လူထုစိုးရိမ်ထိတ်လန့် တရုတ်သို့တိမ်းရှောင်သည့် စစ်ဘေးဒုက္ခသည်ဦးရေတိုးများ

စိုင်းအောင်ဆိုင်း


အစိုးရတပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ( ၄) ဖွဲ့တို့အကြား နိုဝင်ဘာလ ၂၂ ရက်နေ့ ယနေ့တွင် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA/PSLF တအာင်းပလောင်အဖွဲ့မှသတင်းထုတ်ပြန်သည် ။

ကွတ်ခိုင် မူစယ် လမ်းပေါ်ရှိ မန်လွယ် ၊ နမ့်ဖတ်းလွန်း၊ မူစယ်အနီးရှိ နမ့်ပေါ်တံတား ၊ မန်ဟောင်း စသည့် ပြည်ထောင်စုလမ်းမတစ်လျှောက် နှင့် မုံးကိုးဒေသတို့တွင် တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု တအာင်း ပလောင်အဖွဲ့မှ သတင်းထုတ်ပြန်သည် ။

ယင်းအပြင် တအာင်းပလောင်ဒေသ မန်တုံတွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်ဟု သိသည် ။

RCSS/SSA သျှမ်းပြည်တပ်မတော်နှင့်လည်း မန်တုံ၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု တအာင်းအဖွဲ့ မှ ထုတ်ပြန်ထားပြီး ကုန်းမုံအနီးတိုက်ပွဲတွင် RCSS/SSA တပ်စခန်း အား သိမ်းပိုက်ရရှိခဲ့သည်ဟု ပလောင်အဖွဲ့မှ သတင်းထုတ်ပြန် သည် ။

နိုဝင်ဘာလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မုံးကိုးဖောင်းဆိုင်တို့ တွင် မဟာမိတ်အဖွဲ့နှင့် တပ်မတော် တိုက်ပွဲတွင် တပ်မတော်မှ အကျအဆုံးများခဲ့ကြောင်းလည်း ထုတ်ပြန်ထားပြီး နမ့်အွမ်တိုက်ပွဲတွင် မြန်မာ့ တပ်မတော်ဘက်မှ ဟတ်စကီးနှစ်စီးအပြင် ဂျက်လေယာဉ်တစ်စင်းပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု တအာင်းအဖွဲ့မှ သတင်းထုတ်ပြန်သည် ။

စစ်အင်အားများ ဖြည့်တင်းနေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းလည်း TNLA/PSLF မှ သတင်းထုတ်ပြန်သည် ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၈ နာရီအချိန် တွင် နမ့်ခိုင်မှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် (၁၈) စီး သည် ယာဉ်မောင်းများမရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များသွားလာ၍မရအောင် ပိတ်ဆို့ထားကြောင်း သတင်းရရှိခြင်းကြောင့် တပ်မတော် စစ်ကြောင်းမှ သွားရောက်ရှင်းလင်းခဲ့ရာ KIA၊ TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်း အဖွဲ့များ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ် ခန့်ရှိ အပြစ်မဲ့ ယာဉ်မောင်း အမျိုးသားတစ်ဦး (အမည်နှင့် နေရပ် စိစစ်ဆဲ) သည် ၁၂ ဘီး (Nissan) ယာဉ် အမှတ် 7F/6289 ယာဉ်ဦးခန်းပေါ်တွင်နဖူးကျည်ဆံဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း … သတင်းထုတ်ပြန်ထားသည် ။

ယင်းအပြင် ကချင်ပြည်နယ် ဖားကန့် ဒေသ ကပ်မှော်ဇွပ်တွင်လည်း ကေအိုင်အေနှင့် တပ်မတော်ကြား ထိတွေ့ခဲ့သည်ဟု ဆိုသည် ။

မူဆယ်တွင်မူနေ့မနက်ပိုင်းက ဆိုင်ကယ်ဖြင့် လူအုပ်စု တစ်စုမှ နေရပ်စွန့်ခွာကြရန် လိုက်လံဆော်သြ သဖြင့် မြို့ခံထောင်နှင့်ချီ ကြယ်ဂေါင်ဘက်သို့ ထွက်ပြေးကြသည်ဟု သိရသည် ။

ကြယ်ဂေါင်တွင် ၁၀၅ မိုင်တိုက်ခိုက်မှုဖြစ်ကတည်းက ရောက်ရှိနေသည့် စစ်ဘေးရှောင်များနှင့် ယနေ့ ရောက် လာသော မူစယ်ဒေသခံများပေါင်းပါက စုစုပေါင်း ၅၀၀၀ ခန့်ရှိနေသည်ဟု ကြယ်ဂေါင်တွင်နေထိုင်သည့် ဦးမောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

‘ ကောလာဟာလတွေထွက်တယ်။ တစ်ချို့က ဆိုင်ကယ်တွေနဲ့ လိုက်အော်နေတာလေ။ ‘ ဟုဦးမောင်က ပြောသည် ။

ထို့ပြင် အိမ်ပြင်ထွက်သူများ ပေါ်တာဖမ်းခံရမည်ဟူ၍လည်းကောင်း၊ မွန်းတည့်ချိန်နောက်ပိုင်း အိမ်ပြင်သို့မထွက်ရန်၊ အရေးကြီးပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် … စသည့်သတင်းများကြောင့် မြို့တွင်းအခြေအနေမှာ ဆိတ်ငြိမ်ခြောက်ကပ်လျက်ရှိသည်ဟုဆိုသည် ။

မြို့ခံအချို့မှာ မူစယ်တွင် ဆက်ရှိနေဆဲဖြစ်သော်လည်း အိမ်အတွင်းအိမ်အပြင်သိပ်မထွက်ကြ ပဲ ဆိုင်များလည်း ပိတ်ထားသည်ဟု ကျားခေါင်းပါတီလွှတ်တော်ကိုယ်စား လှယ် စိုင်းကျော်သိန်းက ပြောသည် ။

‘နေ့လည်က တစ်ချို့က ဆိုင်ကယ်တွေနဲ့ ပတ်ပြီး နေရပ်စွန့်ကြဖို့လျှောက်လိုက်ပြောတော့ တစ်ချို့ကလည်း ကြောက်ပြီး ကြယ်ဂေါင်ဘက် သွားကြတယ်။ကျနော်ကတော့ မူစယ်မှာပဲ။ ဆိုင်တွေ အိမ်တွေကတော့ များသောအားဖြင့်ပိတ်ထားကြတယ်။ ‘ ဟု မူစယ်ဒေသခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့်ဦးစိုင်းကျော်သိန်းက ပြောသည် ။

စာသင်ကျောင်းများလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း မူစယ်မြို့ခံ စိုင်းအိုက်ကပြောသည် ။

တရုတ်မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းရှိ ၀မ်တိန်တွင်မူ မြန်မာဘက်မှ ပြေးလာသူစုစုပေါင်း ၂၈၀၀ ခန့်ရှိနေ သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ်တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

No comments: