Saturday, November 26, 2016

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက မုံးကိုးကို သိမ်းပိုက်ထားဟု ဆို

DVB


မြန်မာပြည် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းပိုက်ထားလိုက်ပြီလို့ တပ်ပေါင်းစုအဖွဲ့ ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“မုံကိုးမှာ သေနတ်သံကတော့ မစဲဘူး။ တောက်လျှောက်ဖြစ်နေတာ ၂၀ ရက်ကတည်းကပဲ၊ လေကြောင်းပစ်ကူလည်း မကြာမကြာ လာပစ်တယ်။ ဂျက်လေယာဉ်တွေရော ရဟတ်ယာဉ် တွေရော။ မုံးကိုးမြို့ပေါ်ကတော့ မဟာမိတ်တပ်တွေက ၀င်ထားတယ်။ အပေါ်က ဗျုဟာကုန်း တခုပဲ ကျန်တယ်။ ဗျုဟာကုန်းလည်း ဟိုနေ့က တ၀က် ၀င်သိမ်းထားလိုက်ပြီးပြီ။”

ဒီနေ့ မနက်ပိုင်းမှာ မုံးကိုးအနီးတ၀ိုက်နဲ့ ကွတ်ခိုင်တိုးလ်ဂိတ်နားမှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲစတင်ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစလို့ တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ သုံးပြီး နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားကတည်းက မုံးကိုးမြို့ပေါ် ၇ ရပ်ကွက်ရှိ ပြည်သူအားလုံး တရုတ်ဘက်ခြမ်း၊ မန့်ဟိုင်းရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တရုတ်ဘက်က ရေနဲ့ အစားအသောက် ကူညီထောက်ပံ့ပေးထားပေမယ့် လုံလောက်မှု မရှိဘူးလို့ စစ်ပြေးဒုကသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မုံးကိုးတမြို့လုံးလာကြတာ။ မုံးကိုးမှာ ရပ်ကွက် ၇ ခုရှိတယ်။နေဖို့က မိုးကာနဲ့ တဲဆောက်ထားပေးတယ်လေ၊ ရေနဲ့ စားစရာကို တရုတ်အစိုးရကပေး တယ်၊ မြန်မာပြည် ဘက်က အလှူရှင်တွေလည်း လာပေးတယ်။ ဒါပေမယ့် မလောက်ဘူးလေ။ စားစရာတွေ လိုတယ်၊ ကျည်ဆန်သံကြားတော့ ထွက်ပြေးကြတာပေါ့။ လေယာဉ်ပျံ တွေလည်း လာတယ်။ ဒီနေ့မနက်လည်း မုံးကိုးဘက်မှာ လေယာဉ်ပျံလာပြီး အသံအကျယ်ကြီး ကြားရတယ်။ ပြီးတော့ လေယာဉ်ပျံ ပြန်ထွက်သွားတာ မြင်ရတယ်။

နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဒုတိညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ မုံးကိုးမြို့ ကျတယ် ဆိုတာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ခု လောလောဆယ်မှာ မုံးကိုး ကျတယ် ဆိုတာ မဟုတ်ဘူး။ မြို့ထဲမှာ သူတို့က တခြမ်းလို ဖြစ်နေတာပေါ့။ အဲ့လိုမျိုး။ ဟိုဘက် တခြမ်းမှာ ၀င်ပြီးတော့ လူတွေကြားထဲမှာ ဖြစ်နေတော့ တပ်ကလည်း ကိုင်ရတွယ်ရ ခက်နေတာပေါ့နော်။ အဲ့ဒီ အနေအထားပဲ။ မုံးကိုးကျတယ်ဆိုတာ မဟုတ်ပါဘူး။”

တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေလို့ဆိုပြီး နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အေအေ၊ အမ်အန်ဒီအေအေ စတဲ့ တပ်ဖွဲ့ ၄ ခုရဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

No comments: