Friday, November 25, 2016

လူထုထိခိုက်နစ်နာအောင်ပြုသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား ဆန့်ကျင်ကန့်ကွက်ကြောင်း သျှမ်းလူငယ် အဖွဲ့ကပြော

SHAN


လက်နက်ကိုင်အဖွဲ့အစည်းများသည် မိဘပြည်သူလူထုအပေါ် အားထားပြုနေရသဖြင့် လူထုအကျိုးထိခိုက် နစ်နာအောင် ဖန်တီးသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင် ကန့်ကွက်ကြောင်း သျှမ်း လူငယ်အဖွဲ့က ပြောဆိုလိုက်ပါသည် ။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် Tai Youth Organization ဥက္ကဌ စိုင်းဟန်က -“ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြချိန်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် မိဘပြည်သူလူထုသေတယ်။ ထိခိုက်ဒဏ်ရာရတယ်။ စီးပွါးရေးအပိုင်းကိုကြည့်မယ်ဆိုရင်လည်း သျှမ်းပြည်လူထု အားထားပြုနေရတာ ဒီအချိန်က ပြောင်းဖူးလေ။ တိုက်ပွဲကြောင့် လမ်းပိတ်တယ်။ ပြောင်းဖူးတင်ရောင်းလို့မရတော့ဘူးဆိုတော့ နစ်နာတာက သျှမ်းပြည်လူထုဖြစ်နေတယ်။ စဉ်းစားကြည့်လေ။ မိဘစီးပွါးရေးကျဆင်းရင် သားသမီးတွေ ထိခိုက်နစ်နာ မယ်မဟုတ်လား။ ဒီလိုဘဲလေ ရှမ်းပြည်လူထု ငွေကြေးမချောင်လည်ရင် လူထုရဲ့အင်အားကို မှီခိုနေတဲ့ ရှမ်းပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းအားလုံးလည်း အခက်အခဲနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ”- ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည် ။

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွါးနေသော တိုက်ပွဲများကြောင့် ပြည်သူလူထု သေကြေဒဏ်ရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်နေရာ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးရန်အတွက် Tai Youth Organization မှ ကြေငြာချက်တစောင်ထုတ်ပြန် တိုက်တွန်းလိုက်သည် ။

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် အဆိုပါကြေငြာချက်တွင် လူထုအားထိခိုက်သေကြေအောင်ဖန်တီးသည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို TYO မှ ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ပါရှိသည် ။

“ ဘယ်အဖွဲ့ဘဲဖြစ်ဖြစ် လူထုကိုဒုက္ခပေးရင် ကျနော်တို့ အားမပေးဘူး။ ခုခေတ်ဆိုရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့အတွက် လမ်းတွေလည်းရှိလာပြီလေ။ ဆိုတော့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဆွေးနွေးပါ။ မိဘပြည်သူတွေ စစ်ဘေးဒဏ်မသင့်အောင် တိုက်ပွဲတွေရပ်လိုက်ပါ လို့ တိုက်တွန်းလိုတယ်။ ” ဟု စိုင်းဟန်ကပြောသည် ။

ထိုသို့ စစ်ရေးတင်းမာမှုများရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့က ကွတ်ခိုင်မြို့နယ်ရှိ စားသောက်ဆိုင် တဆိုင်အတွင်း စားသောက်နေဆဲ ဒေသခံ ၅ ဦးအား အစိုးရတပ်မတော်မှ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၂၀ ရက် တွင်မူ နမ္မတူမြို့နယ်ရှိ ပြောင်းခြံတွင်အလုပ်လုပ်နေသော နားနောင်ရွာနှင့် မိုင်းတက်ရွာသား ၁၁ ဦးအား TNLA စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင်လွတ်မြောက်ခြင်းမရှိသေးကြောင်းလည်း စစ်ဘေးရှောင်များအရေး လှုပ်ရှားနေသော လူငယ်စိုင်းစိုင်းကလည်းပြောသည် ။

TYO သျှမ်းလူငယ်အဖွဲ့သည် သျှမ်းပြည်တွင်း ဒေသအသီးသီးမှ လူငယ်များ အားစွမ်းရည်မြင့်တင်ပေးခြင်း လုပ်ငန်းနှင့် လူမှုကူညီကယ်ဆယ်ရေး လှုပ်ရှားမှုများ အဓိကလုပ်ဆောင် နေသည့်အဖွဲ့အစည်းဖြစ်ပါသည် ။

နိုဝင်ဘာ ၂၀ ရက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားမဟာမိတ် တပ်ပေါင်းစု (တအာင်း၊ ကချင်၊ ကိုးကန့်၊ ရခိုင်) နှင့် အစိုးရတပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ကုန်သည်များ အခက်တွေ့ခဲ့ရပြီး ဒေသတွင်းမှ စစ်ဘေးတိမ်းရှောင်သူများ သောင်း ချီရှိသည့်အပြင် စစ်ဒဏ်သင့်သေဆုံးသူများလည်းရှိခဲ့သည် ။

No comments: