Saturday, November 26, 2016

မူဆယ်မြို့ရှိ စစ်ဘေးရှောင်သူအချို့ နေရပ်ပြန်

စိုးသူအောင်

မူဆယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်နေသူအချို့ နယ်မြေပြန်တည်ငြိမ်လာသောကြောင့် နိုဝင်ဘာလ ၂၄ ရက်ကစတင်ပြီး လူဦးရေ ၈၃၀ ခန့် နေရပ်ပြန်ပြီဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မဇ္စျိမကို ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီက မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၃၂၀၀ ဦး ရှိကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့ကသတင်းထုတ်ပြန်ထားပြီး နေရပ်ပြန်ကြသူများကြောင့် မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၀၀ ကျော်ခန့်သာကျန်ရှိတော့ကြောင်း မူဆယ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးရုံးမှ ပြောသည်။

“ လျော့သွားပြီ၊ တော်တော်များများက ပြန်ကုန်ကြပြီခင်ဗျ။ ဒီနေ့လည်း ထပ်ပြန်မယ့်အနေ အထားလေး တွေရှိ ပါတယ်ခင်ဗျ ။ မနေ့ကပြန်သွားတာ ၈၃၀ လောက်တော့ပြန်သွားကြတယ်။ ဒီနေ့ပြန်ဖို့အတွက်ကတော့ လက်ခံကျွေးမွေးနေတဲ့အဖွဲ့တွေကို စာရင်းကောက်ပေးထားပါတယ်။ အဓိကကတော့ ပလောင်ရွာတွေက ပြန်သွားကြတာ။ နန့်ဝယ်၊ တုံပန်၊ မော်တောင်း အဲ့ဒီ ရွာဘက်ကပေါ့နော်” ဟု ဦးစီးအရာရှိ ဦးဇော်မင်းကပြောဆိုသည်။

၁၀၅ မိုင်အနီးတွင်တိုက်ပွဲများ ငြိမ်လာသောကြောင့် နေရပ်ပြန်ကြခြင်းဖြစ်ပြီး ရွာလုံးကျွတ် နေရပ် ပြန်ကြသူများလည်းရှိနေကြောင်း မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးမှ သိရသည်။

သို့သော် နိုဝင်ဘာလ ၂၄ ရက်တွင် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ အောက်ရှုခင်းသာ ၊ ညောင်ပင်ကွေ့မှာ ယင်း မနက် ၁၁ နာရီဝန်းကျင်ခန့်က ကုန်တင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရကာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွားခဲ့သည်။

တိမ်းရှောင်သူများကို နမ့်ခွန်ဘုန်းကြီးကျောင်း၊ ရွှေသမင်ကျောင်း၊ မဟာဝန်မြောက်ကျောင်း နှင့် ကုန်သည် ကြီးများအသင်း အစရှိသည့် နေရာ ၆နေရာခန့်တွင် လက်ခံထားခြင်းဖြစ်ပြီး စခန်းအသီးသီးမှ လူ ၈၀၀ ကျော် နေရပ်ပြန်သွားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဘက်က နည်းနည်းလေး လုံခြုံရေးစိုးမိုးမှုအားကောင်းသွားပြီပဲပြောပါတော့ ။ ပုံမှန်အနေထား လောက်နီးပါးကိုရောက်သွားပါပြီခင်ဗျ ” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ရွှေလီဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည် ထောင်ဂဏန်း နီးပါးကလည်း နိုဝင်ဘာလ ၂၃ ရက်မှစတင်ပြီး မြန်မာနိုင်ငံသို့ ပြည်တော်ပြန်လာပြီဖြစ်ကြောင်း သိရသည်။

No comments: