Saturday, November 26, 2016

မင်းပြားမြို့ မီးလောင်ရာတွင် ဒဏ်ရာ ရရှိသူ ၅ ဦး စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ထားရ

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မီးလောင်မှုကြောင့် လူ ၅ ဦး ဒဏ်ရာပြင်းထန် ရရှိသွားသဖြင့် စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တင်ထားရသည်ဟု သိရသည်။

“ဒီကနေ့ နံနက်က လောင်တာပါ။ ကျား ၃ ယောက်နဲ့ မ ၂ ယောက် ဒဏ်ရာရရှိသွားပါတယ်။ သူတို့တွေကို စစ်တွေဆေးရုံကို အရေးပေါ်တင်ပို့ထားရပါတယ် ”ဟု သူက ပြည်နယ်မီးသတ် ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစံရွှေထွန်းက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောသည်။

မင်းပြားမီးလောင်မှုကြောင့် နေအိမ် ၁၂ လုံးနှင့် ဆိုင်ခန်း ၉ ခန်းမီးလောင် ပျက်စီး ဆုံးရှုံး သွားကြောင်း၊ မီးလောင်မှုကြောင့် ကာလတန်ဖိုး ၈၉ သိန်းဖိုး ပျက်စီးဆုံးရှုံးသွားကြောင်း ပြည်နယ် ဦးစီးမှူးက ဆက်လက် ပြောသည်။

မီးလောင်မှုသည် ဦးစိုးတင့် ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်တန်းတွင် ဓာတ်ဆီပုံး တစ်ပုံးမှ တစ်ပုံးသို့ လွှဲပြောင်း ငှဲ့ထည့်စဉ် ရာသီဥတုပူပြင်းမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

No comments: