Saturday, November 26, 2016

တအာင်းတပ်ဖွဲ့နှင့် ပစ်ခတ်မှုမရှိကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ပြော

ဟွမ်ဟိန်း


နိုဝင်ဘာလသျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မ တော်မှ သွားရောက်လှုပ်ရှားခြင်း မရှိတော့သဖြင့် တအာင်းတပ်နှင့်ပစ်ခတ်တိုက်ခိုက်မှုမရှိသည်မှာ ကြာပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ပြောဆိုလိုက်သည် ။

နိုဝင်ဘာလ ၂၄ ရက်နေ့က တအာင်းတပ်ဖွဲ့၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည့်သတင်းအရ နိုဝင်ဘာ ၂၀ ရက် မှ ၂၃ ရက်နေ့အထိ တအာင်းတပ်နှင့်သျှမ်းတပ်တို့ တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပွါးပြီး RCSS/SSA ၏ တပ်စခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြချက်မှာ မှန်ကန်မှုမရှိကြောင်း သျှမ်းပြည်တပ်မတော်ဘက်က ပြောသည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီးစိုင်းငင်းက – အဆိုပါ မန်တုံမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော်မှ လှုပ်ရှားမှု မရှိသည်မှာ အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်မတော်တို့ကြား ပဋိပက္ခများ မဖြစ်ပွါးခင်ကတည်း ကဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုပါသည် ။

“ကျနော်တို့ဘက်ကနေ အဲ့ဒီအပိုင်းမှာ သွားမလှုပ်ရှားတာ ကြာလှပါပြီ။ ကျနော်တို့ ကေဒါတပ်သားတွေကို ဘယ်အဖွဲ့နဲ့မှ ပစ်ခတ်တိုက်ခိုက်မှုမရှိအောင် ကျနော်တို့ထိန်းပါတယ်။ တအာင်းတပ်နဲ့တိုက်ခိုက်ဖို့နေနေ သာသာ လက်ရှိမှာဖြစ်ပွါးနေတဲ့ မြောက်ပိုင်းပြသနာမှာ ၀င်မပါအောင်ဘဲ ကျနော်တို့ အထူးဂရုစိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ခုတလောမှာ ကျနော်တို့တပ်က ဘယ်အဖွဲ့နဲ့မှထိပ်တိုက် ပစ်ခတ်မှု မရှိပါဘူး ”- ဟုပြောဆိုသည် ။

သို့သော် တအာင်းသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သောသတင်းတွင် မန်တုံမြို့နယ်အတွင်းရှိ RCSS/SSA ၏ တပ်စခန်း ၉ ခုအနက် နောက်ဆုံးကျန်ရှိသော စေတီတောင်၊ နမ့်ဟိုင်းတပ်စခန်းများအား နိုဝင်ဘာလ ၂၃ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ရာ RCSS/SSA ၏ စစ်လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည် ။

RCSS/SSA မှာမူ နမ္မတူမြို့နယ် မိုင်းရင်ဒေသသို့ ထွက်ပြေးဆုတ်ခွါခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ၄င်းနှင့်ပတ်သက်ပြီး တအာင်းပြန်ကြားရေးဌာနသို့ ဆက်သွယ်ရာတွင် တာဝန်ခံနှင့် စကားပြောခွင့်မရခဲ့ပေ ။

သျှမ်းပြည်မြောက်ပိုင်းနေ RCSS/SSA ၏ အရာရှိတဦးကလည်း အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း၊ လက်ရှိ ဖြစ်ပွါးနေသော မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ်တပ်နှင့်တပ်မတော်တို့ကြား ပဋိပက္ခကိုကြည့်ပါကလည်း တအာင်းတပ်အနေဖြင့် စစ်မျက်နှာ ၂ ဘက် ၃ ဘက်ဖွင့်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ကြောင်း – ထောက်ပြ သည် ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်နှင့် တအာင်းတပ်ဖွဲ့တို့သည် ၂၀၁၅ နှောင်းပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။ နှစ်ဦးနှစ်ဖက်ကြား ပြသနာပဋိပက္ခများ ဖြေရှင်းရန် အတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း အောင်မြင်မှုမရှိသေးပေ ။

No comments: