Saturday, November 26, 2016

ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြားမှာ သေဆုံးခဲ့သည့် မိန်းကလေးငယ်အမှု တရားခံဖမ်းမိ

ဇေယျာမော်

နိုဝင်ဘာလ ၂၄ရက်ညက ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာအကြား ရထားသံလမ်းပေါ်တွင် အသတ်ခံခဲ့ရသည့် အသက် ၁၀ နှစ်ခန့် မိန်းကလေးငယ်အမှုကို ကျူးလွန်သူတရားခံ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ခဲ့သည်။

ယမန့်နေ့ ည ၇ နာရီခွဲခန့်က အဆိုပါ အမှုကျူးလွန်သူ ဖြစ်သည့် ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင်(၂၉) နှစ်အား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းမှအမှုအား ကျူးလွန်ခဲ့ကြောင်း နှင့် ဆက်လက်စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်မေးချက်အရ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၎င်းနှင့်သမီးဖြစ်သူတို့ လှည်းတန်းဂုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ညီမဖြစ်သူ မိဆယ်၏ ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီး ရောက်ရှိလာပြီး ၎င်းတစ်ဦးတည်း ပိုက်ဆံ တောင်းရမ်းနေသည်မှာ အဆင်မပြေသဖြင့် သမီးဖြစ်သူအားထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မ၀င်းဝင်းအေးအားထည့်ပေးလိုက်ကြောင်း မိန်းကလေး၏ မိခင်က ထွက်ဆိုခဲ့သည်။

ထို့နောက် ည ၇နာရီ ၄၅ မိနစ်တွင် ပြာဂလောင်(ခ)ကျော်ကြီးမှာ တစ်ဦးတည်းပြန်လည် ရောက်ရှိလာသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောဆိုသော်လည်း ၎င်းမှ သမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်းပြန်ပြောရာ ပြာဂလောင်(ခ)ကျော်ကြီးမှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်ဘောင်ဘက်သို့ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူအားလိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေးငယ်တစ်ဦး သေဆုံးနေကြောင်း ဓာတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း ပြာဂလောင်(ခ)ကျော်ကြီးလွယ်သွားသော အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်အား တွေ့ရှိခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

No comments: