Saturday, November 26, 2016

မူဆယ် ၁၀၅ မိုင် မှာ တိုက်ပွဲများ ယနေ့ ထပ်မံဖြစ်ပွား

ဇေယျာမော်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အကြား ယနေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"မနက် ၆ နာရီ မိနစ် ၄၀ လောက်ကပါ။ သာမန်ပစ်ခတ်မှုပါ၊ ၁၀၅ မိုင်က တပ်စခန်းကို လာပစ်တာ ၊ တပ်စခန်းက ပြန်ပစ်တဲ့ အခါမှာ ပြန်ဆုတ်သွားပြီခင်ဗျ" ဟု ဦးဇော်မင်းက ပြောသည်။
ကားများသွားလာမှု အခြေအနေကတော့ ပုံမှန်သွားလာသည့်အခြေအနေမှာ မရှိပေမယ့် သွားရဲသည့် ပုဂ္ဂိုလ်များအနေဖြင့် သွားလာမှုများလုပ်ဆောင်နေကြောင်း ၄င်းက ထပ်လောင်းဆိုသည်။

သို့သော် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ အောက်ရှုခင်းသာ ၊ ညောင်ပင်ကွေ့မှာ ယနေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်က ကုန်တင်ကားတစ်စီး ပစ်ခတ်ခံခဲ့ရကာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွား ခဲ့သည်။ ယင်းသေဆုံးမှုကို မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အတည်ပြုသည်။

ယနေ့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မူဆယ်မြို့လုံခြုံရေးကို တပ်မတော် ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တာဝန်ယူစောင့်ရှောက်ပေးထားသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းရောင်းဝယ် နေထိုင်သွားလာမှုများကို ပုံမှန်အခြေအနေအတိုင်း လုပ်ဆောင်သွားရန် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်၍ ယနေ့ထိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့ နယ်အတွင်း KIA၊ MNDAA ၊ TNLA၊ AA စသည့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်မှလည်း ယနေ့နေ့စွဲဖြင့် အသိပေးစာတစ်စောင် ထုတ်ပြန်ရာတွင် “ စစ်ရေး လှုပ်ရှားမှုများဖြင့် မဟုတ်ဘဲ ဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်ကို သိစေလိုပါသည်။ KIO ဆွေးနွေးရေး အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးပေးရန် တောင်းဆိုထားသည်မှာ သုံးလကျော်သွားပြီဖြစ်ပါသည် ” ဟု ထုတ်ပြန်ရေးသားချက်တွင် ပါရှိသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၃ ရက်တွင် “ ထို ဖြစ်စဉ်များတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့အရပ်သားများပါ ထိခိုက်သေဆုံး ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ခဲ့ရပါသည်။ ပြည်သူများခေတ်အဆက်ဆက်တောင့်တခဲ့ရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အာရုံစိုက် ကြိုးပမ်းနေချိန်တွင် ဤသို့ဖြစ်ပွားလာရခြင်း အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments: