Friday, November 11, 2016

မြစ်ဆုံအစီရင်ခံစာ နိုဝင်ဘာ ၁၁ရက်၌ နိုင်ငံတော်သမ္မတထံတင်ပြရမည်

စိုးသူအောင်

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ပတ်သက်ပြီး “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်"၏ ပထမအကြိမ် လေ့လာသုံးသပ်မှု အစီရင်ခံစာကို နိုင်ငံတော်သမ္မထံ တင်ပြသွားမည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးချိုချိုက မဇ္ဈိမကိုပြောသည်။

ကော်မရှင်၏ လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည်။

“ပြီးပါလိမ့်မယ်။ တင်ဖြစ်ပါလိမ့်မယ်။ အတွင်းရေးမှူးအဖွဲ့က လုပ်နေပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ပြီးပါပြီ တင်ဖို့လုပ်နေပါတယ်" ဟု ကော်မရှင်အဖွဲ့ဝင် ဦးချိုချိုကပြောဆိုသည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် တင်ပြမည်ဟု အတည်ပြု ပြောကြားခြင်းမရှိပေ။

ယခုတင်ပြသည့် မြစ်ဆုံနှင့်ပက်သက်သည့် အစီရင်ခံစာမှာ ပထမအကြိမ်အစီရင်ခံစာဖြစ်ပြီး နောက်ထက်လေ့လာ တွေ့ရှိချက်များကို လည်းနိုင်ငံတော် သမ္မတထံ ဆက်လက်အစီရင်ခံဆောင်ရွက်သွားရန် ရှိနေသေးကြောင်း မြစ်ဆုံကော်မရှင်မှသိရသည်။

“အစီရင်ခံစာက ဒီတစ်ခုတည်းနဲ့ပြီးမသွားပါဘူး။ နောက်ထပ်လာဦးမှာပါ" ဟု ဦးချိုချိုကပြောသည်။

အဆိုပါ အစီရင်ခံစာတွင်မည် သို့ထည့်သွင်းရေးသားထားကိုမူ ဖြေဆိုခြင်းမရှိခဲ့ပေ။

ကော်မရှင်အနေဖြင့် စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ စီမံကိန်းများကြောင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံ၏ အသက်သွေး ကြောတစ်ခုဖြစ်သည့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေအပါ အ၀င်ချက် ၈ချက်ကိုအစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝက်ဆိုဒ်တွင်ဖော်ပြထားသည်။

အစီရင်ခံစာတင်ပြရာတွင် ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် တွင်ထားရှိသည့် ခံစားချက်များအပါ အ၀င် သဘောထားအမြင်များကို ထည့်သွင်း စဉ်းစားရမည်ဟု နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်ထားသည်။

ပြည်သူများ၏ တောင်းဆိုမှုအရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ သြဂုတ်လ ၁၂ ရက်တွင် ကော်မရှင် ဥက္ကဌအဖြစ် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌ ဖြစ်သူ ဦးတီခွန်မြတ် အား လည်းကောင်း ၊ ပြည်ထောင်စု ၀န်ကြီး ၆ ဦး ၊ ပြည်ထောင်ရှေ့ နေချုပ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် အဖွဲ့ ဝင် (၂၀ )ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

No comments: