Thursday, November 10, 2016

ဒုသမ္မတ (၁)၏ ချင်းပြည်နယ် မင်းတပ် ခရီးစဉ် ပျက်

မဇ္ဈိမ

နိုင်ငံတော် ဒုသမ္မတ (၁) ဦးမြင့်ဆွေသည် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ နိုဝင်ဘာ ၉ရက် နံနက်ပိုင်းက သွားရောက်ရန်ရှိသော်လည်း ရာသီဥတုအခြေအနေကြောင့် မင်းတပ်မြို့သို့ ရဟတ်ယာဉ်ဆင်းသက်နိုင်ခြင်း မရှိသည့်အတွက် မင်းတပ်မြို့သို့ ရောက်မလာနိုင်ခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

ဒုသမ္မတ (၁) ၏ ခရီးစဉ်အတွင်း ပြည်နယ်အစိုးရအဖွဲ့က တင်ပြဆွေးနွေးရမည့် ကိစ္စရပ်များ၊ ချင်းပြည်နယ် ပလက်ဝ၊ ကန်ပက်လက်စသည့်မြို့များမှ ရပ်မိရပ်ဖများ ကိုယ်စားလှယ်များက မင်းတပ်မြို့သို့ လာရောက်ကြိုဆိုမှုများ နှင့် ခရီးစဉ်အတွက် ကြိုဆိုရေးအစီအစဉ်အတါက် လူ ၂၀၀ နီးပါးက ဝတ်စုံပြည့်ဖြင့် ကြိုဆိုခဲ့ပုံများကို ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်က ယခုကဲ့သို့ အချက် (၅)ချက်ဖြင့် ရေးသားဖော်ပြထားသည်။

ဒုတိယသမ္မတ (၁) ရဲ့ မင်းတပ်ခရီးစဉ်….။

(၁)
နိုင်ငံတော် ဒုတိယသမ္မတ (၁) အနေနဲ့ ယနေ့ နံနက်ပိုင်းက မင်းတပ်မြို့မှာ ရဟတ်ယာဉ်ဆင်းသက်နိုင်တဲ့ ရာသီဥတုကောင်းမွန်မှု မရှိခဲ့တဲ့အတွက် ဒီတစ်ကြိမ် ချင်းပြည်နယ်ခရီးစဉ်အတွင်း မင်းတပ်မြို့ကို ရောက်ရှိလာနိုင်ခဲ့ခြင်း မရှိတော့ပါ။

(၂)
မိမိအနေနဲ့ ၀န်ကြီးချုပ်ရဲ့ တာဝန်ပေးအပ်ချက်အရ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ နဲ့အတူ မင်းတပ်မြို့ကို ကြိုတင်လာရောက် ကာ ကြိုဆိုရေးအစီအစဉ်များကို အနီးကပ် ကြီးကြပ် ကွပ်ကဲပြီး ချင်းပြည်နယ် မင်းတပ်ခရိုင် အတွင်းရှိ မြို့နယ်များ (အထူးသဖြင့် ပလက်ဝ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များ) ရဲ့ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံလိုအပ်ချက်များကို ဒုတိယသမ္မတ (၁)အား ဒေသခံမြို့မိမြို့ဖများကိုယ်တိုင် တိုက်ရိုက် တင်ပြနိုင်ဖို့ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အစွမ်းကုန် ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။

(၃)
သက်ဆိုင်ရာ မြို့မိမြို့ဖတွေ တင်ပြမယ့်အချက်တွေထဲမှာ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များ အတွက် ပညာရေးကောလိပ်၊ ၀ိဇ္ဖာ/သိပ္ဗံကောလိပ် ဖွင့်လှစ်ပေးဖို့၊ မင်းတပ် စက်မှုလက်မှု အထက်တန်းကျောင်းကို စက်မှုလက်မှုသိပ္ဗံအဖြစ်အဆင့်မြှင့်တင်ပေးဖို့၊ ပလက်ဝမြို့မှာ စက်မှုလက်မှု အထက်တန်းကျောင်း ဖွင့်လှစ်ပေးဖို့၊ မင်းတပ်ဆေးရုံကြီးကို အထူးကု ဆရာဝန်ကြီးများ အင်အားပြည့် ခန့်ထားပေးဖို့၊ ဆမီးဆေးရုံကို ၀န်ထမ်း ဖွဲ့စည်းပုံပြည့် ပတ်ကားတိုက်နယ်ဆေးရုံ အဖြစ် ဖြည့်ဆည်းပေးဖို့၊ အဲဒီကနေတစ်ဆင့် ၂၅ ကုတင်ဆန့်ဆေးရုံ အဖြစ် တိုးမြှင့်ပေးဖို့ အစရှိတဲ့….. ကိစ္စတွေ ပါဝင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒုတိယသမ္မတကို တိုက်ရိုက်တင်ပြခွင့် မရခဲ့ပေမယ့် ၀န်ကြီးချုပ်ရဲ့ လမ်းညွန်ချက်အရ တောင်ပိုင်းမြို့နယ်တွေ အားလုံးရဲ့တင်ပြချက်တွေကို စုစည်းပြီး ၀န်ကြီးချုပ်မှ တစ်ဆင့် ဒုတိယသမ္မတ(၁) ဦးစီးရုံး ကို ဆက်လက် ပေးပို့တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၄)
ဒုတိယသမ္မတနဲ့တွေ့ဆုံဖို့ မင်းတပ်မြို့ကို တကူးတကရောက်လာတဲ့ ပလက်ဝနှင့် ကန်ပက်လက်မြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများ၊ မင်းတပ်မြို့ခံ လွှတ်တော်ကိုယ်စားလှယ်များနဲ့ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးကော်မတီများ အပါအ၀င် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ၊ စည်ပင်ကော်မတီဝင်များ၊ ကြိုဆိုရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအ၀င် လုံခြုံရေး ဆိုင်ရာတာဝန်ရှိသူများ၊ မင်းတပ်မြို့သူ/မြို့သားများ…. အပါအ၀င် ကျရာကဏ္ဍအသီးသီးမှာ ပါဝင်ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြသူများအားလုံးကို လှိုက်လှဲစွာ အထူးကျေး ဇူးတင်ရှိပါ ကြောင်း ဖော်ပြအပ်ပါတယ်။

No comments: