Sunday, November 13, 2016

မောင်တောတွင် တိုက်ပွဲပြင်းထန် စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်

DVB


မောင်တောမြို့နယ်အတွင်း တပ်မတော်နဲ့ အကြမ်းဖမ်းတိုက်ခိုက်သူများကြား တိုက်ပွဲပြင်းထန်ခဲ့လို့ တပ်ဘက်က စစ်ရဟတ်ယာဉ်သုံးပြီး ကူတိုက်ပေးခဲ့ရသလို စစ်ကြောင်းမှူးတဦးလည်း သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်က မောင်တောမြို့နယ် ဂွဆုံကျေးရွာ အနီးမှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းနေစဉ် လက်နက်ငယ်နှင့် ဓားလှံ၊ မှိန်းလက်နက် ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အင်အား ၅၀၀ ခန့်က ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူ အင်အားများတဲ့အတွက် တပ်မတော် (လေ) အမ်အိုင် ၂ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ဂွဆုံကျေးရွာ အတွင်းသို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲအတွင်း တပ်ဘက်က စစ်ကြောင်းမှူး ၁ ဦး သေဆုံးခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက်ပိုင်းမှာပဲ မောင်တော မြို့နယ် မယင်းတောင်ကျေးရွာအနီ်းမှာ လက်နက်ငယ်နှင့် ဓားလှံ၊ မှိန်း လက်နက်များ ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၆၀ ဦးခန့်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ အောက်တိုဘာ ၉ ရက် ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်ကနေ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ယူဆောင်သွားတဲ့ ဘီအေ ၉၄ သေနတ် ၁ လက်၊ ဆက်စပ်ခဲယမ်းပစ္စည်းများနှင့်အတူ အလောင်း ၆ လောင်း ရရှိခဲ့ပြီး စစ်သည်တစ်ဦး သေဆုံး၊ အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၂ရက် မနက်ပိုင်းမှာပဲ ကျီးကန်းပြင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၀န်ထမ်းတွေ လိုက်ပါလာတဲ့ ကားကို မောင်နှမ (တောင်) ရွာအ၀င် ဘေလီတံတား အမှတ် ၃၈ သို့အရောက် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများက လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာမရဘဲ ကားနောက်ပိုင်း အနည်းငယ် ပျက်စီးခဲ့ပါတယ်။

မောင်တောမှာ အောက်တိုဘာ ၉ရက်က နယ်ခြားစောင့်ရဲကင်း ၃ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး အကြမ်းဖက်သမားတွေက လက်နက်နဲ့ ကျည်ဆံတွေ ယူဆောင်သွားပြီးတဲ့နောက် တလကျော် ကြာမြင့်ချိန်ထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

No comments: