Thursday, November 17, 2016

ရန်ကုန်တိုင်းအတွင်း ကျူးကျော်ပေါင်း ခန့်မှန်းခြေ လူဦးရေ ၄သိန်းခွဲနီးပါးရှိနေ

ဇေယျာမော်

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခု၌ ကျူးကျော်နေထိုင်သူပေါင်း ခန့်မှန်းချက်အနေဖြင့် လူဦးရေ လေးသိန်းခွဲ နီးပါးရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၆) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယမြောက် ပုံမှန်အစည်းအဝေး(၁၆) ရက်မြောက်နေ့တွင် ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ လက်ရှိ နောက်ဆုံးကောက်ယူထားသည့် ကျူးကျော်များ၏ လူဦးရေနှင့်အဆောက်အဦးစာရင်းကို တိကျစွာသိရှိလိုကြောင်း မေးမြန်းမှုကိုပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ဒါကတော့ ပထမပိုင်းမှာကောက်လိုက်တဲ့ ခန့်မှန်းစာရင်းဖြစ်ပါတယ်။ အရှေ့အနောက်တောင်မြောက်မှာ စုစုပေါင်းအိမ်ခြေက ၁၁၇၀၇၉ ဖြစ်ပါတယ်။ အိမ်ထောင်စုကတော့ ၁၁၆၉၇၅ ဖြစ်ပါတယ်။ လူဦးရေကတော့ ၄၄၁၆၄၆ ဖြစ်ပါတယ်။ ဒါ ကနဦး ၂၄ ရက်နေ့က ကောက်ထားတဲ့ စာရင်းဇယားဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။

ကျူးကျော်များအတွက် လာမည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင်တိုက်ခန်းပေါင်း ၂၂၀၈ ခန်း ဆောက်လုပ်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၄)မြို့နယ်၌ တန်ဖိုးနည်းအိမ်ရာများ ဆောင်ရွက်သွားမည့် စီမံကိန်းရှိနေပြီး လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာ စီမံကိန်း၌ အခန်းပေါင်း ၁၂၆၀ ခန်း ၊ သန်လျင်မြို့နယ် အောင်ချမ်းသာအိမ်ရာ၌ ၃၄၀၀ ခန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၁၀၄၀ ခန်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၌ ၂၃၀၀ ခန်း စုစုပေါင်း အိပ်ခန်းပေါင်း ၈၀၀၀ခန့်အထိ ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments: