Thursday, November 10, 2016

မောင်တောအကြမ်းဖက်မှု တလပြည့် ဆီမီးထွန်းညှိပွဲ စစ်တွေမြို့တွင် ကျင်းပ

ကိုအောင်

အောက်တိုဘာ ၉ ရက်နေ့ မောင်တောအကြမ်းဖက်မှုမှာ ကျဆုံးသွားသူများအတွက် မေတ္တာပို့ ဆုတောင်းအမျှဝေခြင်းနဲ့ ဒေသခံတွေ ဘေးအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး မောင်တောမြို့နယ် အဝေးသင်ကျောင်းသား ကျောင်းသူများအဖွဲ့က လောကနန္ဒာဘုရားရင်ပြင်ပေါ်မှာ စီစဉ်ကျင်းပခဲ့ပါတယ်။

“ဘုရားမှာ ဆီမီးထွန်းညှိပူဇော်မယ်၊ ကျဆုံးသူတွေကို ရည်ရွယ်ပြီး တမိနစ် ငြိမ်သက်ကြမယ်။ သူတို့တွေကို ရည်စူးပြီး မေတ္တာပို့ကြမယ်၊ ပြီးရင် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး စကားဝိုင်းလေးတခုလုပ်ပြီး ပြောကြဖို့ စီစဉ်ထားပါတယ်” လို့ စတုတ္ထနှစ် စီးပွားရေးကျောင်းသား ခိုင်ကျော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

မောင်တောမြို့ရှိ အဝေးသင်ကျောင်းသားတွေက စစ်တပ်နဲ့ ရဲက စစ်ဆင်ရေးလုပ်နေတယ်၊ လုံခြုံရေးကို အားဖြည့်ထားတယ်ဆိုပေမယ့် အခုအချိန်ထိ လုံခြုံမှုရှိတယ်လို့ မခံစားရသေးဘူးလို့လည်း ပြောကြပါတယ်။

မီးထွန်းဆုတောင်းပွဲကို နိုဝင်ဘာ ၉ ရက် ညနေ ၇ နာရီမှာ စတင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၇ဝ ကျော်နဲ့ စိတ်ပါဝင်စားသူတချို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မောင်တောအကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး၊ တပ်မတော်သား ၃ ဦး ကျဆုံးခဲ့ရပြီး လက်နက်မျိုးစုံ ၆၀ ကျော်နဲ့ ကျည်ဆံ ၁ သောင်းခန့်လည်း ပျောက်ဆုံးခဲ့ပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အကြမ်းဖက်တရားခံ ဖမ်းဆီးရမိဖို့နဲ့ ပျောက်ဆုံးလက်နက်တွေ ပြန်ရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

No comments: