Friday, November 11, 2016

လိပ်ကျွန်း သေဒဏ်ကျ မြန်မာ ၂ ဦး၏ အယူခံအပေါ် အစိုးရရှေ့နေဘက်က ဖြေရှင်းချက်မပေးနိုင်သေး

ဖနိဒါ

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား နှစ်ဦးအမှုတွင် တရားခံဘက်မှ အယူခံတင်ထားသည့်အပေါ် ထိုင်းအစိုးရရှေ့နေဘက်က နိုဝင်ဘာ ၁၀ရက်၌ အယူခံတရားရုံးတွင် လာရောက်ဖြေရှင်းချက် ပေးရမည်ဖြစ်သော်လည်း လာရောက်မဖြေရှင်းနိုင်သည့်အတွက် ရုံးချိန်းကို တစ်ပတ်ရွှေ့ဆိုင်းပေးလိုက်ရသည်။

နိုဝင်ဘာ ၁၀ရက်သည် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အယူခံအပေါ် ထိုင်းအစိုးရရှေ့နေဘက်က ဖြေရှင်းချက် လျှောက်လဲချက် တင်ရမည့် နောက်ဆုံးရက်ဖြစ်သော်လည်း ထိုင်းအစိုးရ ရှေ့နေဘက်မှ အဆင်သင့်မဖြစ်သေးသဖြင့် တစ်ပတ် ထပ်မံရက်ချိန်းပေးလိုက်ရခြင်းဖြစ်သည်ဟု မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အစိုးရ ရှေ့နေတွေဘက်က တင်ရမဲ့ လျှောက်လဲချက်ကို မတင်ဘူးလို့ သိရပါတယ်။ တရားရုံးအနေနဲ့ လာမယ့် အပတ်ထဲက အယူခံ တရားရုံးကနေပြီးတော့ ထိုင်းနိုင်ငံတောင်ပိုင်း အမှတ် (၁) တရားရုံးကို အကြောင်းကြားပြီးတော့ လျှောက်လဲချက် စာရွက်တင်ဖို့အတွက်ကို ဆင့်စာပေးမယ်လို့ သိရပါတယ်။ ဒီအယူခံလျှောက်လဲချက်တင်ပေးဖို့ အကြောင်းကြားတယ်လို့ သိရပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အမှန်တကယ် မြန်မာနိုင်ငံသားနှစ်ဦး၏ အယူခံအပေါ် အစိုးရရှေ့နေဘက်က ဖြေရှင်းချက် တင်ပြရမည်ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် တရားရုံးအနေဖြင့် ပြည့်စုံစေလိုသည့်အတွက် ထပ်မံ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သူတို့ကတော့ အစိုးရရှေ့နေ၊ နိုင်ငံ့ဝန်ထမ်းဖြစ်တယ်။ အမှန်ကတော့ သူတို့ လျှောက်လဲချက် တင်ရမဲ့ သဘောရှိပါတယ်။ အဲတော့ အထက်တရားရုံးတွေကလည်း အောက်ရုံးမှာ မှန်မှန်ကန်ကန်အမှု ဆောင်ရွက်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ အယူခံ အမှုတွဲတခုရဲ့ အယူခံလျှောက်လွာ၊ မူလအမှုတွဲ အစိုးရရှေ့နေဘက်က ထုချေ လျှောက်လဲချက်ဆိုတဲ့ ပြည့်စုံရမှာပါ။ ပြည့်စုံတဲ့အခါမှာ ဘယ်လိုအမိန့်ချချ သင့်တော်တယ်လို့ မြင်ကြတာပါ။ အဲဒီလိုဖြစ်အောင် စီစဉ်ဆောင်ရွက်တယ်လို့ပဲ ထင်ပါတယ်။ မတင်ရင်တော့ သူတို့ဘက်က ထောက်ကွက်ဖြစ်သွားမှာပါ။ ဒါပေမဲ့ သူတို့ ခိုင်လုံတဲ့အကြောင်းရှိလို့ တရားရုံးက ဒီလို အခွင့်အရေးပေးတယ်လို့ မြင်တယ်”ဟု သူက ပြောသည်။

တရားဥပဒေအတိုင်း အထက်တရားရုံးများ၏ မျှတမှန်ကန်စွာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ဘက်စုံမှ တရားရုံး အမှုတွဲတွင် ပြည့်စုံလို၍ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထိုင်းအစိုးရ ရှေ့နေဘက်မှ အယူခံအပေါ် အပြီးသတ် ဆုံးဖြတ်ချက်ကို ယခု နှစ်ကုန်ပိုင်း သို့မဟုတ် လာမည့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ချမှတ်နိုင်ဖွယ်ရှိသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။ ဆုံဖြတ်ချက် မချမှတ်မီ ကိုဇော်လင်းနှင့် ဝင်းဇော်ဦးတို့၏ မိခင်များကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကော့စမွီတရားရုံးတွင် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်က တရာခံများ၏ ရှေ့နေဘက်က စာမျက်နှာပေါင်း ၁၈၉မျက်နှာပါ အယူခံ လျှောက်လဲချက် တင်ခဲ့ရသော်လည်း အယူခံတင်ပြီး ၆ လ ကြာသည့်တိုင် တရားရုံးချိန်း ၁၀ချိန်းအထိ ထိုင်းအစိုးရ ရှေ့နေဘက်မှ ဖြေရှင်းချက် မပေးနိုင်သေးပေ။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် ဒေဗစ်မေလနှင့် အသက် ၂၃ နှစ် ဟန်နား ဝစ်သာရစ်ခ်ျတို့ အသတ်ခံရမှုတွင် လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို တရားစွဲ၍ သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

No comments: