Monday, November 14, 2016

အကြမ်းဖက်သမား ၅၀၀ ခန့်က တပ်မတော်စစ်ကြောင်းအား ၀ိုင်းဝန်းတိုက်ခိုက်၍ စစ်ကြောင်းမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံး၊ ရဟတ်ယာဉ်များနှင့် ကူတိုက်ပေးခဲ့ရ

နိရဉ္စရာ၊


၆ နာရီ ၄၅ မိနစ်ခန့်၌ တပ်မတော် စစ်ကြောင်း တစ်ခုသည် မောင်တောမြို့နယ် မယင်းတောင် ကျေးရွာအနီးသို့အရောက်တွင် လက်နက်ငယ်နှင့် ဓါးလှံမှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ စုစုပေါင်း ၆၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် ကျေးရွာ၏ အနောက်တောင်ဘက် ဂွဆုံ ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်၌ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများထံမှ အောက်တိုဘာ ၉ ရက် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ ယူဆောင်သွားသည့် ဘီအေ ၉၄ သေနတ် ၁လက်နှင့် ဆက်စပ် ခဲယမ်း ပစ္စည်းများနှင့် အတူ အလောင်း ၆ လောင်းရရှိခဲ့ပြီး စစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ စစ်ကြောင်းမှ ဆက်လက် ရှင်းလင်းရာ ယနေ့နံနက် ၁၀ နာရီ ခွဲချိန်ခန့်တွင် ပွင့်ဖြူချောင်းကျေးရွာသို့ အရောက် ကျေးရွာအတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် တပ်မတော် စစ်ကြောင်းက ၀င်ရောက်ပစ်ခတ် ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ပွင့်ဖြူချောင်းကျေးရွာအား မီးရှို့၍ ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ပွင့်ဖြူကျေးရွာ အတွင်းမှ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများဟု ယူဆရသော ဘင်္ဂလီ အမျိုးသား ၃၆ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲရေး ဌာနချုပ်သို့ ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ဂွဆုံကျေးရွာသို့ ဆုတ်ခွာသွားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများအား ပိတ်ဆို့ရှင်းလင်းရန် အခြား တပ်မတော် စစ်ကြောင်းတစ်ခုမှ ချီတက်ရှင်းလင်းရာ ဂွဆုံကျေးရွာ အနီးသို့ နေ့လယ် ၂ နာရီ ၁၅ မိနစ် ချိန်ခန့် အရောက် လက်နက်ငယ်နှင့် ဓါးလှံမှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းစီးနင်းတိုက်ခိုက်သူ ခန့်မှန်း အင်အား ၅၀၀ ဦးခန့်တို့မှ တပ်မတော်စစ်ကြောင်းအား စတင်၍ ၀ိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ရာ တပ်မတော် စစ်ကြောင်းက အဖွဲ့ခွဲ၍ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အားများပြားမှုကြောင့် တပ်မတော် (လေ) မှ အမ်အိုင် ၂ ရဟတ်ယာဉ် နှစ်စီးဖြင့် ညနေ ၃နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်ခန့် အထိ ပစ်ကူ ပေးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ ဂွဆုံကျေးရွာအတွင်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ပါသည်။

ကျေးရွာအတွင်းသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီနင်းတိုက်ခိုက်သူများ နောက်သို့ တပ်မတော် စစ်ကြောင်းများကဆက်လက် ၀ိုင်းပတ်ပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်းနှင့် အဆိုပါ ဖြစ်စဉ်၌ တပ်မတော် စစ်ကြောင်းမှူး ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သတင်းရရှိသည်။

No comments: